ယောချောင်းနံဘေးရှိချင်းငယ်ရွာမှ 14.08.2017

ချင်းငယ်ရွာ၌ထိုနေ့တွင်ကျန်းမာရေးပညာပေးဟောပြောပွဲမရှိခဲ့ပါလျှင်ထိုကလေးသားအဖသည်MHAAအဖွဲ့နှင့်တွေ့ဆုံနိုင်မည်မဟုတ်ဘဲထိုကလေး၏အသက်ကိုလည်းကယ်တင်နိုင်မည်မဟုတ်ပေ။ထိုမိသားစု၏ဘဝကိုထာဝရပြောင်းလဲစေခဲ့ပြီးMHAAစီမံချက်ညှိနှိုင်းရေးမှူး ဦးအောင်စိုးရင် နှင့်အဖွဲ့အပြင်သူတို့၏နှစ်သိမ့်ဆွေးနွေး၊ပညာပေးခြင်းကိုကျွမ်းကျင်ပိုင်နိုင်စွာအသုံးချနိုင်မှုတို့ကိုကျေးဇူးတင်ရမည်သာဖြစ်ပေသည်။

ပြည်သူတို့၏ကျန်းမာရေးအသိရှာမှီးသောအလေ့အကျင့်တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရာတွင်နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း၏အရေးပါမှုသည်လုံလောက်ပြီဟူ၍မရှိပါပေ။အတွေ့အကြုံရှိသောကျန်းမာရေးအကြံပေးပုဂ္ဂိုလ်၏ကျွမ်းကျင်သောနှစ်သိမ့်ဆွေးနွေးပညာပေးခြင်းသည်လူနာများကိုအချိန်မှီပြုစုစောင့်ရှောက်မှုနှင့်ကုသမှုခံယူလာစေရန်အောင်မြင်စွာ စည်းရုံးနိုင်သည်။တီဘီရောဂါကြောင့်မလိုလားအပ်သောသေဆုံးမှုများကိုကာကွယ်ခြင်းအားဖြင့် အသက်များကိုကယ်တင်နိုင်သည်။သို့သော်လည်းဆွေးနွေးအကြံပြုသူ၏အပိုင်းတွင်အတွေ့အကြုံ၊စိတ်ရှည်သည်းခံမှု၊စာနာထောက်ထားမှုများလိုအပ်သည်ဖြစ်၍နှစ်သိမ့်၊ဆွေးနွေး၊ပညာပေးလုပ်ငန်းသည်အမြဲလွယ်ကူနေသောအလုပ်တစ်ခုမဟုတ်ပါပေ။အရေးအကြီးဆုံးအချက်မှာနှစ်သိမ့်ဆွေးနွေးပညာပေးသူအနေဖြင့်လူနာများသည်လူသားများဖြစ်သည်ကိုအသိအမှတ်ပြုပြီးသူတို့၏ဂုဏ်သိက္ခာနှင့်စိုးရိမ်သောကများကိုလေးစားရန်ဖြစ်သည်။

ထိုသို့သောစိန်ခေါ်မှုများရှိလင့်ကစားပခုက္ကူစီမံချက်ညှိနှိုင်းရေးမှူးဦးအောင်စိုးရင်နှင့်တီဘီစေတနာ့ဝန်ထမ်းဒေါ်မိုးဝါတို့သည်ပခုက္ကူခရိုင်၊ဆိပ်ဖြူမြို့နယ်ရှိမြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(MHAA)မှအဖွဲ့ဝင်များနှင့်အတူချင်းငယ်ရွာမှအသက်(၁၂)နှစ်အရွယ်ယောက်ျားကလေး၏ဖခင်ကိုနှစ်သိမ့်၊ဆွေးနွေး၊ပညာပေးရာတွင်အောင်မြင်ခဲ့သောကြောင့်ကလေး၏အသက်ကိုကယ်တင်နိုင်ခဲ့သည်။

ချင်းငယ်ရွာသည်ပခုက္ကူမြို့နယ်ရှိယောချောင်းနံဘေးမှရွာကလေးဖြစ်သည်။ရွာသို့ ရောက်ရှိရန်MHAAအဖွဲ့သည်ယောချောင်းပေါ်ရှိတံတားကိုဖြတ်ပြီးတောင်စောင်းတစ်လျှောက်ရှိမညီညာသောကျောက်စရစ်လမ်းကိုမော်တော်ဆိုင်ကယ်ဖြင့်ဖြတ်၍ခရီးဆက်ရသည်။ချင်းငယ်ရွာသို့သွားရန် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော်လည်းMHAAအဖွဲ့သည်ကျေးရွာသူရွာသားများတီဘီရောဂါကို ပိုမိုသိရှိသတိပြုမိလာစေရန်နှင့်တီဘီရောဂါပညာပေးလုပ်ငန်းများဖြင့်စည်းရုံးဆောင်ရွက်ရန်ပုံမှန်သွားရောက်သည်။ထိုရပ်ရွာကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများသည်တီဘီရောဂါရှိသူများကိုဖော်ထုတ်ရာတွင်အထောက်အကူဖြစ်သည်ကိုအောက်ပါအဖြစ်အပျက်မှတစ်ဆင့်သိရှိနိုင်ပေသည်။

ရပ်ရွာကျန်းမာရေးဟောပြောပွဲတစ်ခုအပြီးတွင်ပရိတ်သတ်ထဲမှအမျိုးသမီးတစ်ယောက်ကဒေါ်မိုးဝါကိုသူမအသက်(၁၂)နှစ်အရွယ်သားကလေးသည်ချောင်းဆိုးလျှင်သွေးပါနေသည်မှာအတော်ကြာနေပြီဖြစ်ကြောင်းပြောပြသည်။သူမကသူတို့သည်ဆင်းရဲပြီးယောက်ျားဖြစ်သူကလည်း အရက်သမားဖြစ်သောကြောင့်ကလေးကိုဂရုမစိုက်နိုင်ကြောင်းကိုလည်းပြောပြသည်။ဦးအောင်စိုးရင်က “ခင်ဗျားကလေးကိုရင်ဘတ်ဓာတ်မှန်ရိုက်ဖို့နဲ့သလိပ်စစ်ဆေးဖို့ဆေးရုံကိုခေါ်မလာနိုင်ဘူးလား” ဟုမေးသည်။ကလေးမိခင်ကသူတို့မိသားစုသည်တစ်နေ့လုပ်မှတစ်နေ့စားဖြစ်သောကြောင့် တစ်ရက်မျှအလုပ်မလုပ်ဘဲနေ၍မရပါဟုပြန်ဖြေသည်။ကျန်းမာရေးအဖွဲ့သည်မိသားစု၏အခက်အခဲများကိုနားလည်သဘောပေါက်ပြီးဖြစ်နိုင်သည့်နည်းလမ်းဖြင့်ကူညီထောက်ပံ့ပေးရန်ဆုံးဖြတ်လိုက်ကြသည်။သူတို့၏တောင်းဆိုမှုကြောင့်ကလေး၏ဖခင်သည်သူတို့ကိုလာတွေ့သည်။အရက်သောက်ထားပြီးအင်္ကျီမပါအပေါ်ပိုင်းဗလာဖြင့်ဖြစ်သည်။မိခင်ကဲ့သို့ပင်သူလည်းကလေးကိုပြုစုစောင့်ရှောက်မှုပေးရန်ဝန်လေးနေသည်။

“မိသားစုရှင်သန်ရေးအတွက်နေ့စဉ်လှုပ်ရှားရုန်းကန်နေရတယ်ဆိုတာကျွန်တော်တို့နားလည်ပါတယ်၊ ခင်ဗျားသားကုသမှုခံယူနေစဉ်အတောအတွင်းအစာအဟာရအထောက်အပံ့နဲ့ဆေးရုံသွားလာရတဲ့လမ်းစရိတ်တွေလိုဒီကလေးလိုအပ်တဲ့အကူအညီအားလုံးကိုကျွန်တော်တို့ပေးဖို့အသင့်ရှိတယ်ဆိုတာခင်ဗျားနားလည်စေချင်တယ်။ဒီအကူအညီတွေကိုကမ္ဘာ့ရန်ပုံငွေရဲ့အထောက်အပံ့နဲ့မြန်မာနိုင်ငံကျန်းမာရေးမှုးအသင်းရဲ့တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်တစ်ဆင့်ပေးတာဖြစ်တယ်၊ကျွန်တော်တို့ကျန်းမာရေးမှုးတွေအနေနဲ့ဒီနေ့ဒီလိုလာရောက်ကူညီနိုင်တယ်ဆိုတာကျွန်တော်တို့မိဘတွေကောင်းကောင်းမွန်မွန်မြေတောင်မြှောက်ပေးခဲ့လို့ပေါ့၊ဥယျာဉ်မှုးကဂရုမစိုက်၊ရေမလောင်းလို့ပန်းလေးကြွေလွင့်ရသလိုပဲခင်းဗျားရဲ့ဂရုစိုက်စောင့်ရှောက်မှုနဲ့တီဘီကုသမှုမခံယူရဘူးဆိုရင်ခင်ဗျားသားလည်းတီဘီရောဂါရဲ့သားကောင်ဖြစ်ပြီးအသက်ဆုံးရှုံးရမှာပဲ”ဟုဦးအောင်စိုးရင်ကရှင်းပြသည်။

ဦးအောင်စိုးရင်၏အားအင်ပြည့်ဆွဲဆောင်မှုရှိသောစကားလုံးများကြောင့်ကလေး၏ဖခင်ဖြစ်သူကိုအဆုံးတွင်စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။နောက်တစ်နေ့တွင်ရင်ဘတ်ဓါတ်မှန်ရိုက်နှင့်သလိပ်စစ်ဆေးရန်ဆိပ်ဖြူဆေးရုံပြင်ပလူနာဌာနသို့သားနှင့်အတူသွားသည်။ဓါတ်မှန်ကတီဘီရောဂါရှိနေသည်ကိုအတည်ပြုနိုင်ခဲ့ပြီးဆရာဝန်ကတီဘီရောဂါ(၆)လကုသမှုကိုစတင်လိုက်ပါသည်။

ချင်းငယ်ရွာ၌ထိုနေ့တွင်ကျန်းမာရေးပညာပေးဟောပြောပွဲမရှိခဲ့ပါလျှင်ထိုကလေးသားအဖသည်MHAAအဖွဲ့နှင့်တွေ့ဆုံနိုင်မည်မဟုတ်ဘဲထိုကလေး၏အသက်ကိုလည်းကယ်တင်နိုင်မည်မဟုတ်ပေ။ထိုမိသားစု၏ဘဝကိုထာဝရပြောင်းလဲစေခဲ့ပြီးMHAAစီမံချက်ညှိနှိုင်းရေးမှူးဦးအောင်စိုးရင်နှင့်အဖွဲ့အပြင်သူတို့၏နှစ်သိမ့်ဆွေးနွေး၊ပညာပေးခြင်းကိုကျွမ်းကျင်ပိုင်နိုင်စွာအသုံးချနိုင်မှုတို့ကိုကျေးဇူးတင်ရမည်သာဖြစ်ပေသည်။