ဟင်္သာတပြည်သူ့ဆေးရုံကြီးရှိNAPဆေးခန်းတွင်ဒေါက်တာချယ်ရီလွင်သည်လူနာတစ်ဦး၏ မှတ်ပုံတင်စာအုပ်တွင်မှတ်ချက်များရေးသားနေသည်။သူမသည်ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၏ပြည်ကြီးခင်အေအာတီစီမံချက်အရာရှိဖြစ်ပြီးဟင်္သာတNAPသို့တွဲဖက် ခန့်ထားသည်။သူမ၏မျက်နှာပေါ်တွင်ရွှန်းလဲ့တောက်ပသောအပြုံးကိုမြင်တွေ့နေရသည်။သူမ၏ အေအာတီလူနာများထဲမှတစ်ဦးကိုအောင်မြင်စွာကုသပေးရာတွင်သူမ၏ရပ်ရွာအတွင်းထိသွားရောက်ကျန်းမာရေးစောင့်ရှောက်မှုပေးသောလုပ်သားများ(ORWs)များ၏အခန်းကဏ္ဍကိုမည်မျှကျေးဇူးတင်ကြောင်းမဖော်ပြနိုင်လောက်အောင်ကျေနပ်နေမိ၍ ဖြစ်သည်။
ORWများသည်HIVကာကွယ်ရေး၊ပြုစုစောင့်ရှောက်ရေး၊ကုသပေးရေးဝန်ဆောင်မှုများနှင့်ရပ်ရွာပြည်သူများကြားတွင်မရှိမဖြစ်လိုအပ်သောအဆက်အသွယ်ဖြစ်သည်။သူမ၏အဖွဲ့တွင်စေတနာ့ဝန်ထမ်းများဖြစ်ကြသောဒေါ်ရွှေဇင်ဝင်းနှင့်ဒေါ်ကြူကြူခိုင်တို့နှစ်ယောက် ရှိသည်။
ကိုတိုး(အမည်ရင်းမဟုတ်)သည်အေအာတီကုသမှုခံယူနေသောအသက်(၂၁)နှစ်အရွယ်ရှိ လူနာဖြစ်သည်။လွန်ခဲ့သောလအနည်းငယ်ကအေအာတီဖြင့်ကုသမှုကိုလေးလခံယူပြီးနောက်ဆက်လက်ချိန်းဆိုသည့်အတိုင်းလာရောက်၍ဆက်လက်ကုသမှုခံယူခြင်းမရှိတော့သောကြောင့် ဒေါက်တာချယ်ရီလွင်သည်သူမ၏ORWများအကူအညီဖြင့်ကိုတိုး၏အိမ်သို့သွားရောက်ခဲ့သည်။
“ချိန်းဆိုတဲ့အတိုင်းမလာတဲ့အခါကိုတိုးရဲ့ကျန်းမာရေးကိုကျွန်မအလွန်စိုးရိမ်မိပါတယ်”ဟု သူမကရှင်းပြသည်။
ORWများသည်သူတို့ကိုယ်တိုင်ရပ်ရွာသူများဖြစ်သောကြောင့်သူတို့၏အဆက်အသွယ်များနှင့်အားကောင်းသောလူမှုကွန်ယက်များမှတဆင့်ကိုယ်တွေ့အတွေ့အကြုံများရှိသည်။သူတို့၏စေတနာ့ဝန်ထမ်းလုပ်ငန်းတွင်ခက်ခဲဝေးလံသောကျေးရွာများရှိလူနာများ၏အိမ်များသို့မကြာခဏသွားရောက်ရခြင်းများလည်းရှိသည်။ခက်ခဲသောမြေပြင်လမ်းအခြေအနေကြောင့်များသောအားဖြင့်မော်တော်ကားဖြင့်မသွားရောက်နိုင်ပဲခြေလျင်သို့မဟုတ်မော်တော်ဆိုင်ကယ်ဖြင့်သွားကြရသည်။ ကိုတိုး၏အိမ်သို့လည်းထိုသို့ပင်သွားကြရသည်။
“ဟင်္သာတမြို့နယ်မှာသူနေထိုင်တဲ့ရွာကိုမော်တော်ဆိုင်ကယ်နဲ့တစ်နာရီသွားရတယ်။ကျွန်မရဲ့ORWတွေရဲ့အကူအညီမပါဘဲနဲ့အဲဒီနေရာကိုသွားနိုင်မှာမဟုတ်ပါဘူး”ဟုလည်း ဒေါက်တာချယ်ရီလွင်ကပြောသည်။
သူ၏အိမ်တွင်အိပ်ရာပေါ်၌လဲလျောင်းနေသောစိတ်ဓာတ်ကျနေသည့်ကိုတိုးကို တွေ့ကြရသည်။မျှော်လင့်ချက်ကင်းမဲ့၍ကူရာကယ်ရာမဲ့သောအနေအထားဖြစ်နေပြီးအဖွဲ့ကသူ့ကိုကူညီရန်နှင့်မည်သည့်အကြောင်းကြောင့်ဆက်လက်စောင့်ရှောက်ကုသမှုမယူသည်ကိုဖော် ထုတ်သိရှိရန်စိတ်အားထက်သန်နေကြသည်။
“ကျွန်တော်ချိန်းဆိုတဲ့အတိုင်းလာဖို့ဘယ်တော့မှပျက်ကွက်တာ၊နောက်ကျတာမရှိခဲ့ပါဘူးဒါပေမယ့်မကြာသေးခင်ကကျွန်တော့်ရဲ့HIVအခြေအနေနဲ့ပတ်သက်လို့ရွာကလူတစ်ချို့ကသိသွားကြပြီးခြင်ကိုက်တာကတဆင့်သူတို့ကိုHIVကူးမှာစိုးလို့ရွာကဗီဒီယိုရုံမှာလက်မခံချင် ကြတော့ဘူး၊သူတို့နဲ့ဆက်ပြီးမျက်နှာချင်းမဆိုင်ချင်တာကြောင့်ဆက်လက်လာရောက်ကုသဖို့ အိမ်အပြင်တောင်မထွက်ရဲတော့ပါဘူး”ဟုကိုတိုးကဝါးကြမ်းပြင်ကိုကြည့်ရင်းစိတ်ပျက် အားငယ်စွာဖြင့်ပြောပြသည်။
အဖွဲ့ကဆေးကုသမှုရပ်လိုက်ပါကဆေးယဉ်ပါးသောဗိုင်းရပ်(စ်)ပိုး၏ အန္တရာယ်နှင့်ပတ်သက်၍သူနှင့်သူ့မိသားစုကိုချက်ချင်းရှင်းပြပြီးဆက်လက်ကုသစောင့်ရှောက်မှုခံယူခြင်းသေချာစေရန်စိတ်ပိုင်းလူမှုအထောက်အကူကိုလည်းပေးသည်။သူတို့၏စိတ်ရောကိုယ်ပါ နှစ်မြှုပ်ကြိုးပမ်းလုပ်ဆောင်မှုသည်အောင်မြင်ခဲ့ပါသည်။ကိုတိုးသည်နောက်ရက်တွင်ချိန်းဆိုထားသည့်အတိုင်းကုသမှုဆက်လက်ခံယူရန်ရောက်လာခဲ့သည်။ထိုအချိန်မှစ၍ ပုံမှန်လာရောက်ပြီးအပြည့်အဝချိတ်ဆက်ဆောင်ရွက်ခဲ့သည်။
ဒေါ်ရွှေဇင်ဝင်းနှင့်ဒေါ်ကြူကြူခိုင်တို့နှစ်ယောက်စလုံးသည်ကလေးမိခင်များဖြစ်ကြသောကြောင့်စီမံချက်အတွက်စေတနာ့ဝန်ထမ်းလုပ်ငန်းအပြင်မိသားစုစားဝတ်နေရေးနှင့်စောင့်ရှောက်မှုတို့ကိုလည်းဦးစားပေးလုပ်ကိုင်ကြရသည်။နေ့စဉ်အလုပ်များနေသည့်ကြားမှရပ်ရွာကျန်းမာရေးပိုကောင်းလာအောင်အချိန်နှင့်ကြိုးပမ်းမှုတို့ကိုပေးဆပ်၍ကြိုးစားလုပ်ကိုင်ကြသည်။ဆေးခန်းတွင်ကုသမှုပေးခြင်းကို ရပ်ရွာအတွင်းထိဒေသကျော်လွန်၍ကမ်းလင့်စောင့်ရှောက်မှုပေးခြင်းထပ်လောင်းဖြည့်စွက်ပေးခြင်းဖြင့်ကိုတိုး၏အသက်ကိုကယ်တင်နိုင်ခဲ့သည်။
“ဒီအောင်မြင်မှုအတွက်ကျွန်မတို့ရဲ့ORWတွေကိုကျေးဇူးတင်အသိအမှတ်ပြုချင်ပါတယ်၊သူတို့ဟာအပြောင်းအလဲတစ်စုံတစ်ရာမဖြစ်သွားအောင်ဆက်လက်တွန်းအားပေး၊စိတ်ဓာတ်မြှင့်တင်ပေးပြီးထိန်းထားဖို့လိုအပ်သူတွေဖြစ်ပါတယ်၊သူတို့ရဲ့အားကောင်းခိုင်မာတဲ့အထောက်အကူနဲ့လိုအပ်နေတဲ့လူနာအားလုံးအတွက်အကောင်းဆုံးဝန်ဆောင်မှုတွေပေးနိုင်ဖို့ကျွန်မတို့အေအာတီအဖွဲ့ကဆက်လက်လုပ်ဆောင်သွားမှာပါ”ဟုဒေါက်တာချယ်ရီလွင်ကပြင်ပတွင်စောင့်ဆိုင်းနေသောလူနာများကိုဆေးခန်းပြတင်းပေါက်မှကြည့်ရင်းယုံကြည်မှုအပြည့်အဝဖြင့်ပြောသည်။
ပြည်ကြီးခင်သည်ကမ္ဘာ့ရန်ပုံငွေအထောက်အပံ့ဖြင့်၂၀၁၁ခုနှစ်မှစ၍စိတ်ပိုင်းလူမှုအကူအညီပေးခြင်း၊အိမ်တိုင်ရာရောက်သွားခြင်း၊ကျန်းမာရေးအသိပညာပေးခြင်းနှင့်ကုသမှုပေးခြင်းတို့ဖြင့်HIVဖြင့်နေထိုင်သူများ၏ဘဝတိုးတက်ကောင်းမွန်စေရန်HIVစီမံချက်ကို အကောင်အထည်ဖော်လုပ်ကိုင်လျက်ရှိသည်။