ကျွန်မမိခင်ကို ကယ်တင်နိုင်ခဲ့ပြီ 16.07.2013

"ဒါနဲ့သလိပ်စစ်တဲ့ကိစ္စဆေး မှန်မှန်သောက်ဖို့ကိစ္စသွားလာစရိတ်နဲ့အဟာရအထောက်အပံ့အားလုံးကိုကူညီဆောင်ရွက်ပေးပါတယ်။ခြောက်လပြည့်အောင် ဆေးသောက်ပြီးတော့ အမေ့ရောဂါဟာ လုံးဝပျောက်ကင်းသွားပြီး ပြန်ကျန်းမာလာ လို့ သူ့မြေးတွေနဲ့ ပျော်ပျော်ပါးပါးနေနိုင်ပြီဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေရဲ့စိတ်ကောင်းစေတနာနဲ့ ကုသပေးတာကြောင့်ကျွန်မအမေကိုကယ်တင်နိုင်ခဲ့ပြီလို့ပဲ ပြောပါရစေတော့ရှင်။"

မိတ္ထီလာမြို့နယ်၊ မကျည်းပင်စုရွာမှ အသက် (၃၅)နှစ် အရွယ်ရှိ မသီတာက မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ တီဘီရောဂါတိုက်ဖျက်ရေး စီမံချက်မှ စေတနာ့ဝန်ထမ်းများနှင့် ဝန်ထမ်းများက သူ့မိခင်၏အသက်ကို မည်သို့ ကယ်တင်ပေးနိုင်ခဲ့သည်ကို ဝမ်းမြောက်ဝမ်းသာဖြင့် ကျေးဇူးတင်စကား ပြောကြားထားသည်။

ကျွန်မနာမည်က မသီတာပါ ကျွန်မ မွေးဖွားကြီးပြင်းခဲ့တဲ့ မိတ္ထီလာမြို့နယ်၊ မကျည်းပင်စုရွာမှာ နေပါတယ်။ ကျွန်မ အလယ်တန်းအထိ ပညာသင်ခဲ့ပါတယ်။ မိခင်အိုကြီးနဲ့ ကလေးသုံးယောက်ကို ပြုစုကျွေးမွေးဖို့ လယ်ယာလုပ်ငန်းလုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်း ပြုပါတယ်။

လွန်ခဲ့တဲ့ (၈)လ (၉)လလောက်က ကျွန်မ အမေဟာ မကြာခဏ ချောင်းဆိုးလာပါတယ်။ ရွာက ဆိုင်တွေမှာ ရနိုင်တဲ့ ဆေးတွေတိုက်ပေမဲ့ လည်း မသက်သာပါဘူး။ အမေဟာ အစားနည်းလာပြီး ပိန်ချုံးလာလို့ အခြေအနေပိုဆိုးလာခဲ့ပါတယ်။ နေ့စဉ်နဲ့အမျှ ခက်ခက်ခဲခဲ ရုန်းကန်ပြီး ပင်ပင်ပန်းပန်းလုပ်ကိုင်ရတာကြောင့် အမေရဲ့ အခြေအနေဟာ ပိုဆိုးလာပြီး နောက်ဆုံးမှာ အိပ်ယာထဲလဲတော့တာပါပဲ။ ကျွန်မတို့မှာ ကျန်းမာရေးအသိပညာရရှိဖို့ အခွင့် အလမ်းနည်းတော့ ရွာမှာရှိတဲ့ အိမ်နီးချင်းတွေနဲ့ မိတ်ဆွေတွေဆီက သိရတဲ့သတင်းစကားလောက်ပဲ သိရ ပါတယ်။

အမေချောင်းဆိုးတာ တီဘီရောဂါကြောင့် ဖြစ်နိုင်တယ်လို့ သံသယဖြစ်မိပေမယ့် ကျွန်မတို့ရွာက တီဘီရောဂါသည် တစ်ယောက် တီဘီကုသတဲ့ဆေးတွေသောက်ပြီး သေသွားတယ်ဆိုတဲ့ ကောလာဟလ ကြောင့် အမေ့ကိုဆေးကုပေးရင် သေမှာပဲလို့ထင်ပြီး ဘာမှမတတ်နိုင်ဘဲ နေ့နေ့ညည မျက်ရည်နဲ့ အဖော် ပြုခဲ့ရပါတယ်။

ကျွန်မနဲ့ ကျွန်မအမေရဲ့ ကုသိုလ်ကံလို့ပဲ ထင်ပါတယ်။ ကံကောင်းခြင်းက အိမ်တံခါးဝကို ရောက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်းရဲ့ တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်မှာ လူထု ကျန်းမာရေး စေတနာ့ဝန်ထမ်း လုပ်နေတဲ့ ကျွန်မသူငယ်ချင်း မဥမ္မာကြည်က ကျွန်မအမေရဲ့ သတင်းကို ကြားပြီး ကျွန်မတို့အိမ်ကို ရောက်လာခဲ့ပါတယ်။ သူက ကျွန်မအမေရဲ့ ရောဂါဟာ သေသေချာချာ ကုသမှု ခံယူလိုက်ရင် လုံးဝပျောက်ကင်းသွားနိုင်တယ်လို့ အာမခံပြီး လိုအပ်တဲ့အကူအညီ အားလုံးကိုလည်း ပေး မယ်လို့ပြောပါတယ်။ ဒါပေမဲ့ ကျွန်မတို့မှာ ကျန်းမာရေး ဗဟုသုတနည်းပြီး ကောလာဟလတွေကြောင့် အယူအဆလွဲမှားနေတော့ ကုသမှုခံယူဖို့ လက်မခံနိုင်ဖြစ်ခဲ့ရပါတယ်။

ကျွန်မတို့ရဲ့ လွဲများနေတဲ့ အယအဆတွေကို ကျော်လွှားဖို့ခက်ခဲပေမဲ့ မဥမ္မာကြည်ဟာ လက်မလျှော့ဘဲ ကျွန်မတို့ယုံကြည်လက်ခံ လာတဲ့အထိ စိတ်ရှည်ရှည်နဲ့ သူယုံကြည်ချက်အတိုင်း ဆက်လုပ်ပါတယ်။ ကျွန်မ အမေသူ့အပေါ် လုံးဝယုံကြည်လာအောင် ထိရောက်တဲ့စကားလုံးတွေနဲ့ ပြောခဲ့တာကို အခုအချိန်အထိ အမှတ်ရမိနေတုန်းပါပဲ။

အမေကြီး အမေကြီးမြေးတွေနဲ့ ကြာကြာနေချင်သေးရင် အမေကြီး မြေးတွေကိုလည်း ရောဂါမကူးစက် စေချင်ရင် သလိပ်စစ်ပြီး ရောဂါလုံးဝ ပျောက်ကင်းတဲ့အထိ ကျွန်မကူညီပေးမယ် သွားလာရမဲ့ ခရီးစရိတ် ကိုလည်း ကျွန်မတို့ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း တီဘီရောဂါတိုက်ဖျက်ရေး စီမံချက်က ထောက်ပံ့ ပေးမယ် အမေကြီး ရောဂါလုံးဝပျောက်ကင်းဖို့ ကျွန်မ အာမခံပါတယ်။ အမေကြီး ချစ်တဲ့မြေးတွေနဲ့ အတူတူ ပျော်ပျော်ပါးပါး နေနိုင်အောင် ကျွန်မကူညီပေးပါ့မယ်။ အမေက သူ့မြေးတွေနဲ့ အသက်ရှည်ရှည် နေရမယ်ဆိုတဲ့ စကားကြောင့် ဆေးကုသမှုခံယူဖို့ သဘောတူ လိုက်ပါတယ်။

ဒါနဲ့ သလိပ်စစ်တဲ့ကိစ္စ ဆေး မှန်မှန်သောက်ဖို့ကိစ္စ သွားလာစရိတ်နဲ့ အဟာရ အထောက်အပံ့ အားလုံးကို ကူညီဆောင်ရွက်ပေးပါတယ် ခြောက်လပြည့်အောင် ဆေးသောက်ပြီးတော့ အမေ့ရောဂါဟာ လုံးဝပျောက်ကင်းသွားပြီး ပြန်ကျန်းမာလာ လို့ သူ့မြေးတွေနဲ့ ပျော်ပျော်ပါးပါး နေနိုင်ပြီဖြစ်ပါတယ်။ ကမ္ဘာ့ရန်ပုံငွေကအထောက်အပံ့ပေးတဲ့မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရဲ့တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်က ဆရာ၊ ဆရာမတွေရဲ့ စိတ်ကောင်း စေတနာနဲ့ ကုသပေးတာကြောင့် ကျွန်မအမေကို ကယ်တင်နိုင်ခဲ့ပြီလို့ပဲ ပြောပါရစေတော့ရှင်။

၂၀၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် တီဘီရောဂါဖြစ်ပွားမှုနှုန်းမြင့်မားသော မြန်မာပြည် အလယ်ပိုင်းရှိခြောက်သွေ့ဒေသများဖြစ်သည့်မိတ္ထီလာ၊မလှိုင်နှင့်သာစည်မြို့နယ်များတွင်တီဘီရောဂါ တိုက်ဖျက်ရေး စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ၂၀၁၃ ခုနှစ်မှစ၍ လက်ရှိ စီမံကိန်းကို ဝမ်းတွင်း၊ ဆိတ်ဖြူ၊ မြိုင်နှင့် ပခုက္ကူမြို့နယ်များအထိ အောင်မြင်စွာ တိုးချဲ့လုပ်ကိုင်နိုင်ခဲ့သည်။