HIV နှင့် ကျွန်မဘဝ 15.08.2013

"ကျွန်မရဲ့ ဆုတောင်းသာပြည့်ခဲ့မယ်ဆိုရင် အေအာတီ လိုအပ်နေသူအားလုံး ဆေးရရှိပြီး AIDS နဲ့ သေဆုံးသူ လျော့နည်းပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ချင်ပါတယ်။"

ပုသိမ်မြို့ ပြည်ကြီးခင် HIV/AIDS စီမံချက်မှ ပညာပေးလုပ်ငန်းများ လုပ်ကိုင်ပေးနေသူ မလှ (အမည် ရင်းမဟုတ်)က သူမ၏ဘဝဇာတ်ကြောင်းကို ပြန်ပြောင်းပြောပြသည်။

"ကျွန်မပုသိမ်မြို့မှာနေပါတယ်။ မိသားစု (၅)ယောက်ရှိပါတယ်။ မနက်မိုးလင်းကနေမိုးချုပ်အထိ ပျံကျဈေးသည်အနေနဲ့မုန့်ဟင်းခါးနှင့်ခေါက်ဆွဲသုပ်ရောင်းပြီး စားဝတ်နေရေး အလျဉ်မီအောင် ကြိုးစားရုန်းကန်ခဲ့ရပါတယ်။

"တစ်နေ့တာ ကုန်ဆုံးချိန်မျာ ကျွန်မဟာ ကိုယ်ခန္ဓာမလှုပ်ရှားနိုင်လောက်အောင် အားအင်ကုန်ခမ်းပင်ပန်း နွမ်းနယ်နေတဲ့အပြင်ညဘက်ဆိုရင်ချွေးတွေထွက်၊ အစာစားချင်စိတ်လည်းမရှိဘဲ အဖျားတက်လာပါ တယ်။ ဒါနဲ့ နီးစပ်ရာအနားက ဆေးခန်းတစ်ခုကို သွားပြခဲ့ပါတယ်။ဆရာဝန်ကတီဘီ်စစ်ကြည့်ခိုင်လို့ စစ်ကြည့်လိုက်တော့ တီဘီ် ပိုးရှိတာကိုတွေ့ရပါတယ် ဒါနဲ့တီဘီဆေးတွေ(၆)လသောက်ပြီးတဲ့နောက်မှာ ကျွန်မရဲ့အခြေအနေဟာ တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ ကျွန်မရဲ့ အကြောင်းသိသွားတဲ့ အိမ်နီးချင်း တစ်ယောက်က ပြည်ကြီးခင်မှာ သွေးစစ်ကြည့်ဖို့ အကြံပြုတိုက်တွန်းလို့ သွေးစစ်ကြည့်ခဲ့ပါတယ်။

"သွေးစစ်တဲ့အဖြေကို သိရဖို့ ချိန်းဆိုတဲ့နေ့ကို ကျွန်မဒီနေ့အထိ မှတ်မိနေပါတယ်။ HIV ပိုးရှိတယ် ဆိုတာ ကို သိလိုက်ရတော့ကျွန်မရဲ့ကမ္ဘာ့ကလေး အစိပ်စိပ်အမြွှာမြွှာ ပြိုကွဲသွားပြီလို့ ထင်ရလောက်အောင် ကြောက်ရွံ့ ထိတ်လန့်သွားပြီး် တုန်တုန်ယင်ယင် ဖြစ်နေခဲ့ပါတယ်။

"သားသမီးငယ်လေးတွေကို ထားခဲ့ပြီးငမကြာခင် သေရတော့မှာပါလားဆိုတဲ့ အသိကလည်း ခေါင်းထဲကို ချက်ချင်းဝင်လာတော့ ပိုပြီးတုန်လှုပ် ခြောက်ခြားခဲ့ရပါတယ်။ ကျွန်မရဲ့ ဘေးမှာထိုင်နေတဲ့ နှစ်သိမ့်ဆွေးနွေးပညာပေးသူရဲ့နွေးနွေးထွေးထွေးကြင်ကြင်နာနာနဲ့အားပေးကူညီဖေးမမှုသာ               မရှိခဲ့ရင်ကျွန်မ အရုပ်ကြိုးပြတ်လဲကျသွားနိုင်ပါတယ်။

"ကျွန်မကိုနှစ်သိမ့်ဆွေးနွေး၊လမ်းညွန်ပညာပေးသူကကျွန်မစိတ်တွေစုစည်းတည်ငြိမ်လာပြီးနားထောင်နိုင် တဲ့ အခြေအနေရောက်အောင် စိတ်ရှည်ရှည်နဲ့ သည်းခံစောင့်ဆိုင်းပေးပါတယ်။ အဲဒီနောက်မှာ သူမက HIV ပိုးရှိသူတိုင်းသေရမယ်ဆိုတာ မမှန်ကန်ကြောင်း ရှင်းပြပါတယ်။ အရင်က ဆေးမရှိခဲ့ပေမယ့် ဒီနေ့ ဒီအချိန် မှာတာ့ HIV ဝေဒနာရှင်တွေရဲ့ ဘဝကို တိုးတက်ကောင်းမွန်လာစေပြီး အသက်ရှည်စေနိုင်တဲ့ အေအာတီဆေးတွေ ရှိလာပြီလို့လည်း ပြောပါတယ်။

 "ကျွန်မအိမ်ပြန်ရောက်တော့ HIV ပိုးဘယ်လိုကူးစက်လာတယ် ဆိုတာကို သုံးသပ်ကြည့်မိပါတယ်။ ကျွန်မ ယောင်္ကျားဆီကကူးတာဖြစ်နိုင်တယ်ဆိုတာ စဉ်းစားမိလို့ သူ့ကိုပါ သွေးစစ်ကြည့်ဖို့ စည်းရုံးခဲ့ပါတယ်။ သူမှာ HIV ပိုးရှိနေတာကို သိခဲ့ရတော့ ဒီရောဂါဆိုးကြီး မိသားစုဆီကို သယ်ဆောင်လာရကောင်းလားဆို ပြီး အကြီးအကျယ် စိတ်ဆိုးဒေါသဖြစ်ခဲ့ရပါတယ်။

"နောက်ပိုင်းမှာတော့ လက်ရှိအခြေအနေမှန်ကို နားလည်လက်ခံလာနိုင်ပြီး ပြည်ကြီးခင်က ပြုလုပ်ပေး တဲ့ နှစ်သိမ့်ဆွေးနွေး ပညာပေးပွဲကို ပုံမှန်တက်ရောက်ခဲ့ပါတယ်။ အခြေအနေကို ပိုပြီးရှင်းရှင်းလင်းလင်း သိမြင် နားလည်ခဲ့ရပြီး မိသားစုနဲ့ ကလေးတွေကိုအထောက်အကူပေးဖို့အကောင်းဆုံးလုပ်ဆောင်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

"ပြည်ကြီးခင်ကဆရာမတစ်ယောက်ကျွန်မတို့အိမ်ကိုရောက်လာပြီး Septrin ဆေးအကြောင်းကို ရှင်းပြပါ တယ်။ နေ့တိုင်းသောက်ဖို့လိုအပ်တယ်လို့လည်းပြောပါတယ်။ ကျန်းကျန်းမာမာ နေထိုင်နိုင်ဖို့ တခြား ရောဂါပိုးတွေကူးစက်မလာအောင် ကာကွယ်နိုင်တဲ့နည်းတွေကိုလည်း ပြောပြပါတယ်။ ကျွန်မရဲ့ ကလေး တွေကိုလည်း ကလေးအဖွဲ့နဲ့ ချိတ်ဆက်ပေးပါတယ်။ ကျွန်မကိုလည်း HIV ပိုးရှိသူများ ကိုယ်ထူကိုယ်ထ အဖွဲ့နဲ့ မိတ်ဆက်ပေးပြီး လစဉ်ကျင်းပတဲ့ အစည်းအဝေးကို ပါဝင်တက်ရောက်ဖို့ ဖိတ်ကြားခဲ့လို့ ကျွန်မ လည်း တဖြည်းဖြည်းနဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ကျွန်မဟာ နောက်ပိုင်းမှာ ကမ္ဘာ့ရန်ပုံငွေက ကူညီထောက်ပံ့တဲ့ ပြည်ကြီးခင် HIV/AIDS စီမံချက်ရဲ့ ပညာပေးသူနဲ့ အခကြေးငွေရတဲ့ စေတနာ့ဝန်ထမ်း အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ အခွင့်အရေးရတိုင်း အခြားသူများကို HIV ပိုးမကူးစက်အောင် မိမိကိုယ်ကိုလည်း မကူးစက်အောင် ကာကွယ်တဲ့ အသိပညာဗဟုသုတတွေကို ဖြန့်ဝေပေးခဲ့ပါတယ်။

"တဖြည်းဖြည်းနဲ့ ကျွန်မရဲ့ ကိုယ်အလေးချိန်ကျလာတဲ့အပြင် မှတ်ခရုတွေပေါက်လာပြီး အရေပြား ယားနာ တွေလည်းဖြစ်လာပါတယ်။ နေ့စဉ်အလုပ်တွေကို လုပ်တဲ့အခါမှာ အလွယ်တကူ မောပန်းနွမ်းနယ်လာပြီး လုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ အားအင်ကုန်ခမ်းသလို ဖြစ်လာပါတယ်။ ကျွန်မက ပုံမှန်ဆွေးနွေး ပညာပေးမှု ခံယူပြီး စစ်ဆေးနေတာကြောင့် တဖြည်းဖြည်းကျဆင်းနေတဲ့ ကျွန်မရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ချက်ချင်းဂရုစိုက် စောင့်ရှောက်မှုကို ရရှိခဲ့ပါတယ်။ ကျွန်မရဲ့ CD4 ကို သွေးဖောက်ပြီး စစ်ကြည့်လိုက်တော့ ၄၀ ပဲရှိလို့ အလွန်နည်းနေတာတွေ တွေ့ရပါတယ်။ ဆရာဝန်က အေအာတီ နဲ့ ကုသမှုကို စတင်ပြုလုပ်ပေး ပါတယ်။ ကုသမှုခံယူစမှာတော့ နည်းနည်းမူးပေမယ့် နောက်ပိုင်းမှာတော့ ခံနိုင်ရည်ရှိလာပါတယ်။ တဖြည်းဖြည်းနဲ့ ကိုယ်အလေးချိန်တက်လာပြီး နေ့စဉ်အလုပ်တွေကို လုပ်နိုင်တဲ့ အင်အားလည်း ပြန်လည် ရရှိလာခဲ့ပါတယ် ။

"ကျွန်မနဲ့ ဘဝတူသူငယ်ချင်းတွေရဲ့ အတွေ့အကြုံအရ အေအာတီ ဟာ ကျွန်မတို့ရဲ့ ဘဝကို သိသိသာသာ တိုးတက်ကောင်းမွန်လာစေတာ အမှန်ပါပဲ။ ကျွန်မတို့ဟာအရင်ကလိုဘဲ အလုပ်လုပ်နိုင်၊ ဝင်ငွေရှာနိုင်လာ ပြီး မိသားစုကို တာဝန်ယူစောင့်ရှောက်လာနိုင်ခဲ့ကြပါတယ်။ အခုဆိုရင် ကျွန်မတို့ရဲ့ ဘဝဟာ ပိုပြီးအဓိပ္ပါယ် ရှိရှိ နေထိုင်နိုင်တဲ့အပြင် ကျွန်မတို့ရဲ့ အားလပ်ချိန်တွေမှာ ကျွန်မတို့ရဲ့ အတွေ့အကြုံတွေကို ဝေမျှတာတွေ လူနာတွေကို သွေးစစ်ဖို့ ညွန်းပို့တာတွေ အေအာတီ ကုသခံယူခြင်းရဲ့ အကျိုးကျေးဇူးတွေ HIV ကာကွယ်တာနဲ့ ပတ်သက်တဲ့ အသိပေညာဗဟုဟုတ ဖြန့်ဝေပြီး ကျွန်မတို့ရဲ့ အသိုင်းအဝိုင်းနဲ့ လူမှုအဖွဲ့ အစည်းကို အကျိုးပြုနိုင်အောင် လုပ်ကိုင်ကြဖို့ စိတ်အားထက်သန် နေကြပြီး ဖြစ်ပါတယ်။

"ကျွန်မရဲ့ ဆုတောင်းသာပြည့်ခဲ့မယ်ဆိုရင် အေအာတီ လိုအပ်နေသူအားလုံး ဆေးရရှိပြီး AIDS နဲ့ သေဆုံးသူ လျော့နည်းပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ချင်ပါတယ်။ အသက်ကယ်တင်ဖို့ အထောက် အပံ့တွေပေးတဲ့ ကမ္ဘာ့ရန်ပုံငွေနဲ့ ပြည်ကြီးခင် HIV/AIDS စီမံချက်က ဝန်ထမ်းတွေကို ကျွန်မတို့ ဘယ်လောက် ကျေးဇူးတင်တယ်ဆိုတာကို ဖော်ပြနိုင်တဲ့စကားလုံးရှာလို့တောင် မရနိုင်တော့ပါဘူး။"

ကမ္ဘာ့ရန်ပုံငွေက ငွေကြေးထောက်ပံ့သည့် ပြည်ကြီးခင် HIV/AIDS စီမံချက်သည် AIDS လူနာများ၏ ဘဝ အရည်အသွေးကို မြှင့်တင်ပေးရန် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တို့တွင် HIV/AIDS လုပ်ငန်းများကို အကောင်အထည် ဖော် လုပ်ကိုင်နေသည်။