တီဘီရောဂါတိုက်ဖျက်ရေးတွင် ပိုမိုခိုင်မာသောအစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးသို့ 15.12.2013

"တီဘီရောဂါကိုကုသပေးနေတဲ့ဆရာဝန်တစ်ယောက်အနေနဲ့ အရေးကြီးတဲ့လူထုကျန်းမာရေးတာဝန်တစ်ခုကိုထမ်းဆောင်နေတာပါ။ မြန်မာနိုင်ငံမှာတီဘီရောဂါတိုက်ဖျက်ရေးအတွက် အတတ်နိုင်ဆုံး ဆက်လက် ဆောင်ရွက်သွားမယ်။"

ရန်ကုန် ရွှေပြည်သာရှိ ယင်း၏ဆေးခန်းတွင် တီဘီရောဂါဆေးများကို သောက်သုံးရာတွင် လိုက်နာရမည့် အချက်များ ကို ဒေါက်တာလင်းထူးလွင်က ရှင်းပြနေစဉ်။

ဒေါက်တာလင်းထူးလွင်သည် ရန်ကုန် ရွှေပြည်သာမြို့နယ်တွင် ကောင်းစုအောင်ဆေးခန်းကိုဖွင့်ထားသည်။ ကျန်းမာရေးဝန်ထမ်းတစ်ဦးပီပီ လူနာတို့၏ကျန်းမာရေးကိုသာ ဦးစားပေးသည့်အလျောက် တီဘီရောဂါရှိသူဟု ထင်ရသူ လူနာတစ်ဦးကို တီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းသို့ ညွှန်းပို့သောအခါတွင် ထိုလူနာသည် ယင်းသို့ အမှန်တကယ်သွားကာရောဂါအမည်ဖော်ပြီးထိထိရောက်ရောက်ကုသမှုကို ခံယူစေလိုသည်။

မြန်မာနိုင်ငံဆရာဝန်အသင်း၏ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သော တီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း (MMA PPM)တွင် သူပါဝင်ဆောင်ရွက်ခဲ့သည့် ၂၀၁၃ခုနှစ်နောက်ပိုင်းတွင် တီဘီရောဂါ ကုသစောင့်ရှောက်ရေးနှင့် တိုက်ဖျက်ရေးတွင် ပိုမိုဆောင်ရွက်လာခဲ့သည်။ ရောဂါအမည်ဖော်ခြင်း၊ ကုသခြင်း၊ ကုသမှုအဆက်မပြတ်အောင် ထောက်ပံ့ခြင်းဟူသော အထွေထွေစောင့်ရှောက်မှုကိုလည်း ယုံယုံကြည်ကြည်ဖြင့် ဆောင်ရွက်နိုင်နေပြီဖြစ်သည်။

"ကျွန်တော့်လူနာတွေ အကျိုးအတွက်အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်မှာပဲ။ MMA PPMကဝန်ထမ်း တွေကလည်းအားကိုးရတယ်။ သူတို့က လူနာအိမ်ကိုလာပြီး လူနာ့ရောဂါအခြေအနေကို စစ်ဆေးကြတယ်။ တိုးတက်မှုရှိမရှိ၊ကုသမှုအဆက်ပြတ်မပြတ်ကိုလည်းေစာင့်ကြည့်စစ်ဆေးကြတယ်" ဟု သူကပြောသည်။

မြန်မာနိုင်ငံဆရာဝန်အသင်းဖွင့်လှစ်သောပုဂ္ဂလိကဆရာဝန်များအတွက်သင်တန်းတွင်တီဘီရောဂါလူနာကိုစနစ်တကျ ညွှန်းပို့လွှဲပြောင်းခြင်းနှင့် ပြန်လည်သတင်းပို့ခြင်းစနစ်၊ တီဘီရောဂါကုဆေးဝါးများကို မှန်ကန်စွာ ဆေးညွှန်းပေးခြင်းတို့ကို ဒေါက်တာလင်းထူးလွင် သိရှိလာခဲ့သည်။တီဘီရောဂါပျောက်ကင်းရန် နှင့်ဆေးယဉ်ပါးမှုကိုကာကွယ်နိုင်ရန် သတ်မှတ်ထားသော ဆေးပတ်လည်အောင် အချိန်မှန်သောက်သုံးရန်နှင့် ကုသမှုအဆက်ပြတ်ခြင်းကြောင့် ဆိုးရွားသောအကျိုးဆက်များ ဖြစ်လာနိုင် ကြောင်းတို့ကို လူနာတို့အား အခွင့်သာတိုင်း ယင်းကပညာပေးဆွေးနွေးခဲ့သည်။

ကမ္ဘာ့ရန်ပုံငွေ၏ အထောက်အပံ့ ဖြင့်MMA PPM တီဘီရောဂါတိုက်ဖျက်ရေး စီမံချက်သည် လူနာအားလုံးကို အာဟာရအထောက်အပံ့များကို ပေးအပ်သည်။ ဆင်းရဲသောတီဘီလူနာများကို ခရီးစရိတ် ထောက်ပံ့ပေးသည့်အပြင် ရင်အုပ်ဓာတ်မှန်ကိုပါ လိုအပ်ပါက ရိုက်ရန်ထောက်ပံ့ပေးသည်။

"ဒီတော့ကျွန်တော်တီဘီလူနာတွေကို ပိုပြီးရှာနိုင်လာတယ်။ ဒီဆေးခန်းမှာ ကုသခံတဲ့ လူနာတွေလည်း ရောဂါပျောက်တဲ့နှုန်းတို့၊ ဆေးပတ်လည်တဲ့ နှုန်းတို့လည်း ပိုကောင်းလာတယ်" ဟု သူကဆက်ပြောပြသည်။

စောလေးဒိုသည် ဒေါက်တာလင်းထူးလွင်၏ ဆေးခန်းသို့ ရောက်လာသော အသက် ၃၂နှစ်အရွယ် လူနာတစ်ဦး ဖြစ်သည်။ ဤလူနာတွင် တီဘီရောဂါ၏လက္ခဏာများကို တွေ့ရသဖြင့် ဒေါက်တာလင်းထူးလွင်က သလိပ်စစ်ဆေးစေခဲ့ရာရောဂါရှိနေကြောင်းအတည်ပြုခဲ့သည်။ ဆွေးနွေးပညာပေးပြီးနောက်ဒေါက်တာ လင်းထူးလွင်က သူ့ကို ပဏာမတီဘီရောဂါကုဆေး (initial regimen)ကို ၂လကြာ တိုက်ကျွေးခဲ့သည်။ ထို့နောက် ၂လမြောက် သလိပ်စစ်ဆေးသောအခါ တွင် ရောဂါပိုးကို တွေ့နေသေးသောကြောင့် ပဏာမကုသမှုကို နောက်ထပ် တစ်လထပ်မံ၍လည်းကောင်း၊ နောက်ဆက်တွဲကုသမှု (continuation phase) ကို လေးလဆက်လက်၍လည်းကောင်း ပေးခဲ့သည်။ ၅လမြောက် သလိပ်စစ်ဆေးသော အခါ ရောဂါပိုးကိုမတွေ့ရသော်လည်း တီဘီရောဂါကုသမှုပြီးဆုံးသော ၇လမြောက်စစ်ဆေးရာတွင်မူ ရောဂါပိုးကို တွေ့နေရပြန်သည်။

ဒေါက်တာလင်းထူးလွင်သည် ထိုလူနာတွင် ဆေးယဉ်ပါးတီဘီဖြစ်နေသည်ဟု မသင်္ကာသဖြင့် GeneX'pert သလိပ်စစ်ဆေးရန် စေလွှတ်ခဲ့သည်။ GeneX'pertစစ်ဆေးချက်တွင် ဆေးယဉ်ပါးတီဘီရောဂါပိုးကို မတွေ့ရချေ။ အိတ်ခ်ျအိုင်ဗီရောဂါ ရှိမရှိ စစ်ဆေးခံရန် ဆွေးနွေးပညာပေးပြီးနောက် စစ်ဆေးသောအခါတွင်လည်း ရောဂါပိုးကိုမတွေ့ရချေ။ ထို့ကြောင့် စောလေးဒိုကို ထပ်မံ retreatment regimen ဖြင့်ဆေးပေးရန် သူက ဆုံးဖြတ်ခဲ့သည်။

"ဆရာဝန်တစ်ယောက်အနေနဲ့ လူနာကိုစောင့်ရှောက်မှုပေးဖို့က ပထမပဲ။ ဒီတော့ စောလေးဒိုကသူထပ်ပြီးဆေးမသောက်နိုင်တော့ဘူး၊၇လတောင် သောက်ပြီးပြီဆိုတော့ကျွန်တော်သိပ်စိုးရိမ်သွားတယ်။ သူ့ကိုကြည့်ရတာ စိတ်ဓာတ်လည်းကျနေပုံရတယ်။ ၈လ ဆေးသောက်ရမယ်၊ ၂လ ဆေးထိုးရမယ်ဆိုတော့ ကြောက်လည်းကြောက်နေတယ်။ ဒီတော့ ချက်ချင်းပဲသူ့ကိုဖျောင်းဖျပြီး ပညာပေးရတယ်။ ကုသမှုအဆက်မပြတ်ဖို့က သေရေးရှင်ရေးဖြစ်တဲ့ အကြောင်း၊ ကုသမှုအဆက်ပြတ်ရင်အသက်အန္တရာယ်ရှိနိုင်တဲ့အကြောင်းအကြိမ်ကြိမ် ပြောပြရတယ်။"

ဒေါက်တာ လင်းထူးလွင်သည် ဤစိန်ခေါ်မှုကို မြန်မာနိုင်ငံဆရာဝန်အသင်း မှဝန်ထမ်းများဖြစ်သော ရွှေပြည်သာမြို့နယ် ကွင်းဆင်းညှိနှိုင်းရေးတာဝန်ခံဒေါက်တာအိမွန်မွန်ကျော်နှင့်ကွင်းဆင်းလက်ထောက် ဦးခင်ဇော်တို့၏အကူအညီဖြင့်ဖြေရှင်းနိုင်ခဲ့သည်။ယင်းတို့သည်လူနာအိမ်သို့လာရောက်ပြီးအားပေးစကားပြောခြင်း၊ ကျန်းမာရေးပညာပေးဆွေးနွေးခြင်းတို့ကိုပြုလုပ်ခဲ့သည်။

"သလိပ်စစ်ဆေးချက်အရ ခင်ဗျားတီဘီရောဂါမပျောက်သေးဘူး။ကုနေတာကိုရပ်လိုက်ရင် အခြေအနေပိုဆိုးလာပြီးအိမ်သူအိမ်သားတွေကိုလည်းကူးကုန်မယ်။ဆေးယဉ်ပါးတီဘီဖြစ်သွားနိုင်တယ်"ဟု ဦးခင်ဇော်က စောလေးဒိုနှင့် မိသားစုဝင်တို့ကို ရှင်းပြသည်။ အကြိမ်ကြိမ် အကြိတ်အနယ်ဆွေးနွေးပြီးသောအခါတွင် ကုသမှုကို ဆက်လက်ခံယူရန် လိုအပ်ကြောင်း စောလေးဒိုက နားလည်သွားသည်။

"စောလေးဒိုတီဘီရောဂါကသက်သာလာတာကျွန်တော်တို့ရဲ့အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်ပဲပေါ့။စောလေးဒိုကနောက်ဆုံးမှာ တီဘီရောဂါကုသမှုကို ဆက်လက်ခံဖို့ သဘောတူလိုက်တော့ ကျွန်တော်တို့ သိပ်ဝမ်းသာသွားကြတယ်။ ကျွန်တော်ကတော့ တာဝန်ခံ ဒေါက်တာအိမွန်မွန်ကျော်နဲ့လက်ထောက်ဦးခင်ဇော်တို့ကိုသိပ်ကျေးဇူးတင်တယ်။ သူတို့က ကျွန်တော်တောင်းဆိုတာတွေ ကို ချက်ချင်း ဆောင်ရွက်ပေးတယ်။ တီဘီလူနာတွေကို အမြဲတမ်းဂရုစိုက်တယ်"ဟု ဒေါက်တာလင်းထူးလွင်က ဆက်ပြောပြသည်။

"တီဘီရောဂါကိုကုသပေးနေတဲ့ ပုဂ္ဂလိကဆရာဝန်တစ်ယောက်အနေနဲ့ အရေးကြီးတဲ့ လူထုကျန်းမာရေးတာဝန်တစ်ခုကိုထမ်းဆောင်နေတာပါ။ မြန်မာနိုင်ငံမှာတီဘီရောဂါတိုက်ဖျက်ရေးအတွက် အတတ်နိုင်ဆုံး ဆက်လက် ဆောင်ရွက်သွားမယ်"ဟု ဒေါက်တာလင်းထူးလွင်က ယုံကြည်မှုအပြည့်အဝဖြင့် ရွှင်ပြုံးစွာပြောဆိုခဲ့သည်။