မဖြူဖြူဖြိုးသည်ပြည်ကြီးခင်၊ပုသိမ်HIV/AIDSစီမံချက်မှစောင့်ရှောက်မှုပေးသူတစ်ဦးဖြစ်သည်။ ပြည်ကြီးခင်သည်HIVပိုးဖြင့်အသက်ရှင်နေထိုင်သူများဘဝတွင်ကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက်စိတ်ပိုင်းဆိုင်ရာအထောက်အပံ့၊ နေအိမ်အခြေပြုစောင့်ရှောက်မှုပေးခြင်းတို့ဖြင့်ဆောင်ရွက်လျက်ရှိသည်။
မဖြူဖြူဖြိုး၏ကျွမ်းကျင်သောဆွေးနွေးမှု၊ဂရုစိုက်မှု၊စိတ်ပိုင်းဆိုင်ရာထောက်ကူမှုတို့ကြောင့်ကိုတိုး(အမည်ရင်းမဟုတ်) သည်အရက်ပြတ်သွားပြီးအေအာတီဆေးကိုဆက်လက်သောက်ခဲ့သည်။ သို့ရာတွင်သူမသည်ကိုတိုး၏အိမ်သို့ စိတ်ရှည်စွာဖြင့် အကြိမ်ကြိမ် သွားခဲ့ရသည်။
“ကိုတိုးကိုမိန်းမကပစ်သွားတော့အရင်လိုပဲအရက်ပြန်သောက်နေတာပေါ့။အေအာတီဆေးကိုလည်းမှန်မှန်မသောက်ဖြစ်တော့ဘူး။ဆေးယဉ်ပါးလာမှာကိုစိုးရိမ်ရတယ်”ဟုမဖြူဖြူဖြိုးကပြောသည်။ကိုတိုး၏ဘဝတွင် ကောင်းကောင်းမွန်မွန် နေထိုင်သွားနိုင်ရန် စေတနာထားခဲ့သည့်အလျောက် မဖြူဖြူဖြိုးသည် အလွယ်တကူလက်မလျှော့ခဲ့ပါ။
မဖြူဖြူဖြိုးကဆက်လက်၍ ကိုတိုးအားမည်ကဲ့သို့ အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သည်ကို ရှင်းပြသည်။
“သူ့အိမ်ရောက်တော့သူကအရက်မူးနေတယ်။ဒီတော့ပြန်လာခဲ့ရတာပေါ့။ဆေးမပြတ်ဖို့အရေးကြီးတဲ့ အကြောင်းသူမူးမနေတဲ့အချိန်မှာနားဝင်အောင်ပြောဖို့အရေးသူ့အိမ်ကို အခေါက်ခေါက်အခါခါ သွားရတယ်”။
ကိုတိုးကိုပုသိမ်မြို့တွင်မွေးဖွားခဲ့ပြီးသားအငယ်ဆုံးဖြစ်သည်။ သူ့မိဘတို့မှာကုန်သည်များဖြစ်၍ မိသားစုမှာအခြေအနေများစွာကောင်းခဲ့သည်။
“အမေကအချစ်ဆုံးဆိုတော့ကျွန်တော်လိုချင်တာအကုန်ရတယ်။အိမ်အလုပ်လည်း ဘယ်တော့မ ှမခိုင်းဘူး။ နောက်ဆုံးတော့၁၀တန်းအောင်သွားတယ်”ဟု ကိုတိုးက ပြန်ပြောပြသည်။
၁၀တန်းအောင်ပြီးသောအခါရွယ်တူအပေါင်းအသင်းများကိုမလွန်ဆန်နိုင်သောကြောင့်လည်းကောင်း၊ပညာရေးတွင်စိတ်မပါတော့သောကြောင့်လည်းကောင်းသူအရက်စသောက်ခဲ့သည်။မိန်းကလေးတစ်ဦးကိုချစ်ခဲ့မိပြီးနှစ်ဦးစလုံးငယ်ရွယ်ကြသေးသောကြောင့်မိခင်ကသဘောမတူသော်လည်းထိုမိန်းကလေးကိုသူလက်ထပ်ခဲ့သည်။ အရက်အမြဲသောက်၍ အမျိုးသမီးနှင့်စကားများရန်ဖြစ်ကာလမ်းခွဲခဲ့သည်။
ငယ်ရွယ်ပြီးအတွေ့အကြုံမရှိသည့်ပြင်အသင့်လည်းမဖြစ်သေးသောကိုတိုးသည်သူ့ဖခင်ကွယ်လွန်သွားပြီးနောက်သူ့မိခင်ကသူနှင့်အဆင်မပြေသောကုန်တင်ကားမောင်းသူတစ်ယောက်ကိုလက်ထပ်လိုက်သောအခါတွင်ဘဝမုန်တိုင်းများနှင့်ရင်ဆိုင်ရကာလမ်းပျောက်ခဲ့လေသည်။စိတ်ဖြေရာကိုရှာရာမှအနှိပ်ခန်းများသို့ရောက်သွားလေသည်။ညစဉ်အရက်သောက်ကာကြံုရာလူနှင့်အပျော်ကိုရှာခဲ့သည်။ဤသည်ကိုနှင်းဆီရောင်သန်းသောဘဝဟုသူကအထင်မှားနေခဲ့သည်။
ထို့နောက်အနှိပ်ခန်းမှအမျိုးသမီးတစ်ဦးနှင့်ချစ်ကျွမ်းဝင်ကာအိမ်ထောင်ကျခဲ့ပြန်သည်။
“အဲဒီတုန်းကတော့ပိုဘေးကင်းတဲ့လိင်မှုကိစ္စအကြောင်းလည်းမသိတော့ကွန်ဒုံးလည်းမသုံးခဲ့မိဘူး”ဟုကိုတိုးကဝမ်းပန်းတနည်းပြန်ပြောပြသည်။ပိုဘေးကင်းတဲ့လိင်မှုကိစ္စဆိုင်ရာအသိအမြင်မဲ့မှုကြောင့်HIVဘေးနှင့် ကြံုရသည်ဟု သူစဉ်းစားမိသည်။
နောက်ပိုင်းတွင်နှင်းဆီရောင်သန်းသောဘဝသည်ဆူးမွေ့ရာဖြစ်လာသည်။သူမကျန်းမမာဖြစ်လာသည်။ချောင်းဆိုးလျှင်သွေးပါလာသည်။ရေယုန်များမှက်ခရုများပေါက်လာသည်။
ပြည်ကြီးခင်အဖွဲ့ဝင်တစ်ဦးကသူ့အကြောင်းသိသွားပြီး HIVရှိမရှိသွေးစစ်ရန်ကူညီခဲ့သည်။
“HIVဘယ်လိုကူးသလဲဆိုတာကိုရှင်းပြပြီးပြည်ကြီးခင်မှာသွေးစစ်ပေးတယ်။ကျွန်တော့်အခြေအနေကစိုးရိမ်နေရပြီလေ။သွေးစစ်တဲ့အဖြေကိုမယူရဲဘူး။ရောဂါပိုးများရှိနေမလားလို့ကြောက်ပြီးတစ်လလောက်ရက်ရွှေ့နေမိတယ်”။
သူကြောက်နေသကဲ့သို့ရောဂါပိုးရှိကြောင်းအဖြေရောက်လာသောအခါစိတ်ဖိစီးမှုကိုအကြီးအကျယ်ခံစားရလေသည်။ထိုအချိန်ကပြည်ကြီးခင်မှဆရာ၊ဆရာမများ၏ပံ့ပိုးမှု၊စိတ်ဓါတ်မြှင့်တင်ပေးမှု၊အိမ်တိုင်ရာရောက်ပြုစုစောင့်ရှောက်မှုပေးမှု၊စေတနာဖြင့်စောင့်ရှောက်မှု၊ပြည်ကြီးခင်အဖွဲ့၏အားမာန်သစ်ကိုယ်ထူကိုယ်ထအုပ်စုဝင်တစ်ဦးဖြစ်သောသူ့ကိုကျန်အဖွဲ့ဝင်များကပေးသောစိတ်ပိုင်းဆိုင်ရာအထောက်အကူတို့ကိုသာသူမရရှိခဲ့ပါကဤကူရာမဲ့သည့်နေ့ရက်များ၏ဒဏ်ကိုခံနိုင်ခဲ့မည်မဟုတ်ဟုယခုအခါတွင်ယုံကြည်နေမိသည်။
“အားမာန်သစ်အုပ်စုမှာပါဖို့ခေါ်ကြတာနဲ့ကျွန်တော်လည်းအဖွဲ့ဝင်ဖြစ်သွားပါတယ်။ကျန်းမာရေးပညာပေးဆွေးနွေးပွဲတွေကနေပိုဘေးကင်းတဲ့လိင်မှုကိစ္စတို့၊ကွန်ဒုံးအသုံးပြုပုံတို့လိုအဖိုးတန်တဲ့အသိအမြင်တွေကိုရခဲ့တယ်။တီဘီရောဂါရဲလက္ခဏာတွေအကြောင်း၊အေအာတီအကြောင်း၊ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေအကြောင်းကိုရှင်းပြကြတယ်”၊ အေအာတီဆေးစ၍သောက်နိုင်ရန်ဆွေးနွေးခန်း (၃)ကြိမ်ဝင်ရန်လိုအပ်ကြောင်းကိုလည်း ရှင်းပြပေးကြပါတယ်။ထို့နောက်၄င်းသည်အေအာတီဆေးကိုစတင်၍သောက်နိုင်ခဲ့သည်။
“ကျွန်တော့်ရဲဘဝဖော်ကိုရောဂါမကူးစေချင်ဘူးဗျာ”ဟုကိုတိုးကဆက်၍ပြောသည်။အခြားသူများသို့ - အထူးသဖြင့် HIVပိုးမရှိသောသူ၏ဇနီးထံသို့မပျံ့ပွားစေရန်ကာကွယ်ရမည်ဟူသော အသိတရားရှိလာပြီဖြစ်ကြောင်း ဤစကားတွင် ထင်ဟပ်နေသည်။
သူ့ကိုစေတနာဖြင့်စောင့်ရှောက်ထောက်ကူခဲ့သောပြည်ကြီးခင်မှဝန်ထမ်းများ၊စေတနာဝန်ထမ်းများကိုကိုတိုးကကျေးဇူးတင်နေသည်။
“ကျွန်တော့်လိုလူတွေကိုရည်မှန်းချက်အသစ်နဲ့ဘဝလမ်းကိုပြန်ရှာတွေ့နိုင်အောင်သူတို့ကအလင်းပြခဲ့ကြတယ်။ပြည်ကြီးခင်ရဲ့HIVစီမံချက်ကိုပိုပြီးအောင်မြင်ဖို့အေအာတီဆေးကိုလိုနေတဲ့သူတိုင်းလည်းလိုတဲ့အချိန်မှာရစေချင်ပါတယ်”
ပြည်ကြီးခင်သည်“HIVရောဂါပိုးနှင့်အသက်ရှင်နေထိုင်သူများ၏ဘဝအရည်အသွေးကိုမြှင့်တင်ပေးရန်စိတ်ပို်င်းဆိုင်ရာအထောက်အကူ၊အိမ်တိုင်ရာရောက်စောင့်ရှောက်မှုပေးခြင်းဖြင့်လည်းကောင်း၊ရောဂါကာကွယ်ရေးဝန်ဆောင်မှုများကိုယောကျ်ားချင်းလိင်ဆက်ဆံသူ/လိင်လုပ်သားများတို့ကပိုမိုလက်လှမ်းမီစေခြင်းဖြင့်ဖြင့်လည်းကောင်းမြှင့်တင်ပေးရန်၊ကမ္ဘာ့ရန်ပုံငွေ၏အထောက်အပံ့ဖြင့်NAPနှင့်ပူးပေါင်းကာမြန်မာနိုင်ငံတွင်အေအာတီစီမံကိန်းကိုတိုးချဲ့ခြင်းစီမံချက်ကို၂၀၁၁ခုနှစ်ကတည်းက ဆောင်ရွက်နေသည်။