၂၀၁၂ ခုနှစ်၊ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များ ကောင်စီ (MCC) သည် ၂၀၁၁ ခုကတည်းက ကမ္ဘာ့ရန်ပုံငွေ၏ ထောက်ပံ့ကူညီမှုဖြင့် MCC ငှက်ဖျားစီမံချက် အကောင်အထည်ဖော် နေသော တောင်ထူထပ်သည့် ချင်းပြည်နယ်ရှိ ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်များသို့ PR နှင့်အတူ ကွင်းဆင်းစစ်ဆေးရေးခရီးစဉ် တစ်ခုကို သွားရောက်ခဲ့ကြသည်။ MCC ၏ လူထုအခြေပြု ငှက်ဖျားကာကွယ် ရေးနှင့် ကုသရေးစီမံချက်တွင် ဆေးစိမ်ခြင်ထောင်များ (Long Lasting Insecticidal Nets) များကို အခမဲ့ ဖြန့်ဝေခြင်း၊ ခြင်ထောင်များကို ပိုးသတ်ဆေးရည်ဖြင့် စိမ်ပေးခြင်း၊ ငှက်ဖျားရောဂါကို ရှာဖွေဖော်ထုတ် ခြင်းနှင့် ကုသပေးခြင်းတို့ ပါဝင်သည်။
ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် ဒေါက်တာ ခင်မောင်ဝင်း (Project Manager) မနှင်းလဲ့ရည်ခိုင် (Monitoring and Evaluation Officer) နှင့် PR မှ ဝန်ထမ်းများပါဝင်သည်။ အဖွဲ့သည် ကန်ပက်လက်သို့ ရောက်သည်နှင့် ကျေးရွာ နှစ်ရွာသို့ သွားခဲ့သည်။
ကမ္ဘာ့ရန်ပုံငွေ၏ အထောက်အပံ့ဖြင့် MCC ၏ ငှက်ဖျားစီမံချက်စတင်လုပ်ဆောင်ချိန်တွင် ကျေးရွာတွင်း၌ ဆေးစိမ်ခြင်ထောင် သုံးစွဲသည့် မိသားစုတစ်စုမျှမရှိခဲ့ဟု ကျေးလက်ကျန်းမာရေးစေတနာ့ဝန်ထမ်း (Village Health Volunteer-VHN) များထံမှ သိရှိရသည်။ ငှက်ဖျားရောဂါကို ဖြစ်စေသော ခြင်ကိုက်ခြင်းမှကာကွယ်ရန် အခမဲ့ ဖြန့်ဝေ ထားသော ဆေးစိမ်ခြင်ထောင်များ အမှန်တကယ် အသုံးပြုခြင်းရှိမရှိ သိလို၍ VHV များ၏ အကူအညီဖြင့် မကျောက်အားကျေးရွာရှိ အိမ်ထောင်စုသုံးစုကို ကျပန်းရွေးချယ်၍ သွားရောက်ခဲ့သည်။
ချုံထူထပ်သော တောအုပ်များထဲမှ ဖြတ်၍ ကျေးရွာသို့ သွားသောတောင်ပေါ်လမ်းကို တက်လိုက် ဆင်းလိုက်ဖြင့် ခရီးနှင်ခဲ့ကြပြီးနောက် ကျေးရွာသို့ ရောက်ရှိသွားကြသည်။ ကျပန်းရွေးချယ်ထားသော အိမ်ထောင်စုသုံးစုစလုံးတွင်ဆေးစိမ်ခြင်ထောင်များကို အမှန်တကယ် အသုံးပြုနေကြောင်း တွေ့ရှိခဲ့ကြသည်။ ထိုသို့ တွေ့ရှိချက်များ ကျေးရွာသားများကို တွေ့ဆုံမေးမြန်းချက်များနှင့် VHV များ၏ ဆေးစိမ်ခြင်ထောင်ဖြန့်ဝေခြင်း မှတ်တမ်းများမှ ကျေးရွာတွင် ဆေးစိမ်ခြင်ထောင်သုံးစွဲရာနှုန်းပြည့်ရှိ ကြောင်းပြသနေသည်။
ဒေါက်တာခင်မောင်ဝင်းက ဤတွေ့ရှိချက်အပေါ် အားရကျေနပ်သောခံစားမှုဖြင့် ဤသို့ပြောကြားခဲ့သည်။
ကျွန်တော်တို့ရဲ့ MCC ငှက်ဖျားစီမံချက်စတင်တဲ့အချိန်မှာ ဆေးစိမ်ခြင်ထောင်သုံးစွဲတဲ့ အိမ်ထောင်စုတစ်စုမှ မရှိခဲ့ ပေမယ့် အခုဆိုရင် ရွာထဲက အိမ်ထောင်စုတိုင်းမှာဆေးစိမ်ခြင်ထောင် ရှိနေကြပါပြီ။ အရေးကြီးဆုံးကတော့ ငှက်ဖျား ရောဂါကို ထိထိရောက်ရောက်ကာကွယ်ပေးတဲ့ခြင်ထောင်တွေ လိုအပ်နေတဲ့ လူထုကို ကျွန်တော်တို့ရဲ ငှက်ဖျားစီမံချက်က အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေတဲ့အတွက် ကျွန်တော်တို့ အလွန်ကျေနပ်ပြီး ယုံကြည်မှုလည်း ပိုရှိလာခဲ့ပါတယ်။ ကမ္ဘာ့ရန်ပုံငွေက ကူညိထောက်ပံ့ပေးတဲ့ MCC ငှက်ဖျားစီမံချက်ဟာ တကယ့်ဝမ်းမြောက်စရာ အောင်မြင်မှုကြီးတစ်ရပ်လည်း ဖြစ်ပါတယ်။