ပုသိမ်ရှိ HIV/AIDS စီမံကိန်းမှ အကျိုးခံစားရသူတစ်ဦး ဖြစ်သူ ကိုလှဌေး(အမည်ရင်းမဟုတ်ပါ)က သူ့ကိုပြည်ကြီးခင် HIV/AIDS စီမံကိန်းမှ ဝန်ထမ်းများက အဓိပ္ပါယ်ပြည့်ဝသော ဘဝတွင် နေထိုင်နိုင်အောင် မည်သို့ကူညီပေးခဲ့သည်ကို ပြောပြထားသည်။
"ကျွန်တော်ရဲ့ ဘဝဇာတ်လမ်းကို ရေးနေတဲ့အချိန်မှာ ကျွန်တော်ဟာ တစ်ခြားသာမန်လူတွေလိုပဲ ကျောင်းဆရာတစ်ယောက် အဖြစ် လုပ်ကိုင်နေနိုင်ပါပြီ။ ကျွန်တော်ဟာ ကျွန်တော့်အလုပ်မှာ အလွန်ပျော်မွေ့နေပြီး ကျွန်တော်တို့နိုင်ငံ ရဲ့ အနာဂတ်ကိုပုံဖော်ပေးမယ့် ထူးချွန်ထက်မြတ်တဲ့ ကျောင်းသူ/ကျောင်းသား ကလေးတွေကို လေ့ကျင့်သင်ကြားပေးနိုင်တဲ့ ဆရာတစ်ယောက်အဖြစ် လုပ်ကိုင်နေနိုင်တဲ့အတွက်လည်း တကယ်ကျေးဇူး တင်မိပါတယ်။ ကျွန်တော်ဒါတွေကို ပြောပြနေတာဘာကြောင့်လည်းဆိုတာ စာဖတ်သူတို့ သိချင်ပါလိမ့် မယ်။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်ဟာ ပျောက်ကင်းအောင် ကုရာနတ္ထိဆေးမရှိလို့ လူတိုင်း ကြောက်ကြတဲ့ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရဖူးလို့ပါပဲ။
"အဲဒီနှစ်ဟာ ကျွန်တော်ဘဝမှာ အလှည့်အပြောင်း ဖြစ်လာတဲ့နှစ်ပါပဲ ကျွန်တော်ရဲ့ ကျန်းမာရေးဟာ စတင်ယိုယွင်းလာပြီး မကြာခဏ ဖျားနေလို့ နောက်ဆုံးမှာ ဆေးရုံတက်လိုက်ရပါတယ်။ ကျွန်တော်ရဲ့ ဆေးရုံမှတ်တမ်းတွေအရ ကျွန်တော် မကြာခဏဖျားနေတာဟာ HIV ရောဂါ ပိုး ကူးစက်ခံရလို့ ကိုယ်ခံစွမ်းအား ကျဆင်းတာကြောင့် ဖြစ်တယ်ဆို တာသိလိုက်ရပါတယ်။
"တာဝန်ရှိတဲ့ သမားတော်တွေနဲ့ ကျွန်တော့်မိသားစု ဆရာဝန်တွေ ချက်ချင်း ရောက်လာပြီးစိတ်ပိုင်းလူမှု အထောက်အကူနဲ့ နှစ်သိမ့်ဆွေးနွေးမှုတွေပေးပြီး ကူညီခဲ့ကြပါတယ်။ ဒါပေမယ့်် ကျွန်တော်ဟာသူတို့နဲ့ ကမ္ဘာကြီးကနေ သီးခြားဖြစ်နေပြီလို့ ခံစားနေရပြီး သူတို့ပြောတာတွေ ကို အာရုံမစူးစိုက်နိုင်ခဲ့ပါဘူး။ ကျွန်တော်ခေါင်းထဲမှာ AIDS ဖြစ်နေတဲ့ လူတွေဟာ ရုပ်ပျက်ဆင်းပျက် တစ်ကိုယ်လုံးမှာ အနာတွေပေါက်ပြီး ဆိုးဆိုးရွားရွား သေကြရတယ်ဆိုတဲ့အတွေးပဲဝင်နေပါတယ်။ ဒါကြောင့် ဆေးရုံကဆင်းပြီး နောက်ပိုင်းမှာ ကျွန်တော်ရဲ့ ဆိုးဝါးလှတဲ့ ကံကြမ္မာကို ရင်ဆိုင်ရဲတဲ့ သတ္တိမရှိ တော့ဘဲ ဒီဘဝဆိုးကြီးက လွတ်မြောက်အောင် ကိုယ့်ကိုယ်ကို သတ်သေဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။
"ကျွန်တော်ရဲ့ မိသားစုဆရာဝန်က ဖြစ်နိုင်တဲ့နည်းလမ်းအားလုံးနဲ့ အကူအညီပေးပြီး HIV ရောဂါပိုး ရှိသူတွေ ရဲ့ ဘဝကိုတိုးတက်လာအောင်မြှင့်တင်ပေးနေပြီး HIV/AIDS စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက် နေတဲ့ ပုသိမ်ရှိ ပြည်ကြီးခင်ရုံးခန်းကို ဆက်သွယ်ဖို့ အကြံဉာဏ်ပေးပါတယ်။
"HIV ပိုးရှိတဲ့သူတွေဟာ တခြားသူတွေလိုပဲ ပုံမှန်ဘဝနဲ့ နေနိုင်တယ်ဆိုတာ စိတ်ရှည်လက်ရှည် ရှင်းပြတဲ့ပြည်ကြီးခင်HIV/AIDSစီမံကိန်းကနှစ်သိမ့်ဆွေးနွေးပညာပေးသူတွေနဲ့ပြုစုစောင့်ရှောက်ပေးသူတွေကို အထူးကျေးဇူးတင်ရပါတယ်။ HIV ကူးစက်နိုင်တဲ့နည်းလမ်းတွေ HIV နဲ့ပတ်သက်ပြီး လွဲမှားနေတဲ့ အယူ အဆတွေကို ရှင်းပြပါတယ်။ ဘယ်လိုဆိုရင်မကူးစက်နိုင်ဘူးဆိုတာနဲ့ HIV/AIDS အတွက် ရရှိနိုင်တဲ့ ကုသမှု၊ အေအာတီ (ART) ရဲ့ အစွမ်းထက်ထိရောက်မှုတွေကိုလည်း ပြောပြပါတယ်။
"ကျွန်တော်ဟာ စစ်ဆေးဖို့နဲ့ ကြိတင်ကာကွယ်ပေးတဲ့ ဆေးတွေယူဖို့ ပုသိမ်မှာရှိတဲ့ HIV/AIDS စီမံကိန်း ဆေးခန်းကို ပုံမှန်သွားရောက်ခဲ့ပါတယ်။ ကျွန်တော်ရဲ့ ကျန်းမာရေးကျဆင်း လာတဲ့အခါမှာ ဆရာဝန်က အေအာတီ ဆေးစသောက်သင့်ပြီလို့ ပြောပါတယ်။ နှစ်သိမ့်ဆွေးနွေးပညာပေး အစီအစဉ်တွေကိုလည်း ပုံမှန် တက်ရောက်ခဲ့ပါတယ်။
"အေအာတီ ဆေးစသောက်တဲ့ အချိန်အထိ ကျွန်တော်ဟာပုံမှန်ဘဝမှာ တစ်ခါပြန်နေနိုင်လိမ့်မယ်လို့ အိပ်မက်တောင်မမက်ရဲခဲ့ပါဘူး။ နှစ်သိမ့်ဆွေးနွေးပညာပေးသူတွေနဲ့ ပြုစုစောင့်ရှောက်ပေးသူတွေဟာ ကျွန်တော်ဘေးမှာ အားပေးနေကြပြီး ပတ်ဝန်းကျင်ကလူတွေရဲ့ ဝေဖန်အပြစ်တင်တာတွေကို ခံနိုင်ရည်ရှိဖို့ သတ္တိကိုလည်း မွေးပေးပါတယ်။
"ကျွန်တော်မှာ HIV ရောဂါပိုးရှိနေတာနဲ့ ပတ်သက်ပြီး နားလည်လာအောင် အခွင့်အရေးယူဝင်ရောက်လာ သော ရောဂါများ (Opportunistic Infections) ကိုခံနိုင်ပြီး အသက်ဆက်နိုင်အောင် စိတ်ရှည်လက်ရှည် ရှင်းပြကြပါတယ်။ အစပိုင်းမှာတော့ အေအာတီ ဆေးတွေကို နေ့စဉ်ပုံမှန်သောက်တဲ့ အကျင့်ရဖို့ သိပ်မလွယ် လှပါဘူး။ ဆေးသောက်ရမဲ့အချိန်တွေမှာ မမေ့ဖို့အမြဲတမ်း ဂရုစိုက်နေရပြီး ဘေးထွက်ဆိုးကျိုး တွေ ကိုလည်းခံနိုင်ရည်ရှိအောင် ကြိုးစားရပါတယ်။် အေအာတီစသောက်တဲ့အချိန်မှာ ကျွန်တော်ရဲ့ CD4 အဆင့်ဟာ အတော်နည်းနေပါတယ်။
"အေအာတီဆေးသောက်ပြိးရက်တွေ၊ လတွေ၊ နှစ်တွေကြာလာတဲ့အခါမှာတော့ စိတ်ပျက်၊ ဝမ်းနည်းမှုနဲ့ ကမ္ဘာကြီးက ထွက်ခွာသွားချင်တဲ့ ခံစားချက်တွေဟာ တဖြည်းဖြည်း လွင့်စင်ကွယ်ပျောက် သွားပါတော့ တယ်။ နောက်ဆုံး CD4 စစ်ဆေးမှု ရလဒ်ကထပ်ပြီး အတည်ပြုပေးတာကြောင့် ကျွန်တော်ဟာ ကိုယ့်ကိုယ် ကိုတန်ဖိုးထားမှုနဲ့ယုံကြည်မှုတွေကတဖြည်းဖြည်းပြန်လည်ရရှိလာခဲ့ပါတယ်။ ပုံမှန်ကျန်းမာတဲ့ ဘဝမှာ ပြန်နေထိုင်နိုင်ပြီ ဆိုတာလည်း သိလိုက်ရပါတယ်။
"ကျွန်တော်ရဲ့ CD4 အဆင့်ဟာ အေအာတီဆေးစသောက်ပြီးတဲ့ အချိန်ကစပြီး သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ ကျွန်တော့် ကျန်းမာရေးကလည်း ပိုကောင်းလာပြီး အရင်ကလိုခဏခဏ ဖျားတာကို မခံစားရ တော့ပါဘူး။
"ကျွန်တော်ရဲ့ အသက်သခင်ကျေးဇူးရှင်တွေ ဖြစ်ကြတဲ့ ကျွန်တော့်မိသားစု ဆရာဝန်နဲ့ ပြည်ကြီးခင် HIV/AIDS စီမံကိနူ်းက ဝန်ထမ်းတွေဆီက စဉ်ဆက်မပြတ် ရရှိတဲ့ အထောက်အကူနဲ့ အေအာတီကြောင့် နေထိုင်မကောင်း ထပ်မဖြစ်တော့ဘဲ ပုံမှန်ကျောင်း ဆရာတစ်ယောက်အဖြစ် ငြိမ်းငြိမ်းချမ်းချမ်း လုပ်နေနိုင် ပြီး ကျောင်းသားတွေနဲ့အတူ ကျွန်တော်အလုပ်လုပ်နေရတာကို အများကြီးပျော်ရွှင်ကြည်နူးရပါတယ်။
"ကျွန်တော်ရဲ့ အနာဂတ်ဟာ အမြဲဘဲ အဓိပ္ပါယ်ပြည့်ဝနေမယ်ဆိုတာ ယုံကြည်မှုအပြည့်နဲ့ ပြောနိုင်ပါပြီ။ ဘာသာရေးလုပ်ငန်းတွေပေါ်မှာ အာရုံစိုက်ဖို့အချိန်ပိုရလာပြီး HIV ရောဂါပိုးနဲ့ နေထိုင်ကြသူအားလုံးလည်း အဓိပ္ပါယ်ရှိတဲ့ အနာဂတ်ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။"
ပြည်ကြီးခင်သည် HIV/AIDS စီမံကိန်းကို ``အေအာတီဆေးပေးခြင်း၊ စိတ်ပိုင်းလူမှုအထောက်အကူပြု ခြင်း၊ အိမ်တိုင်ရာရောက် ပြုစုစောင့်ရှောက်ခြင်းနှင့် MSM/SW များကို HIV ကာကွယ်ရေး ဝန်ဆောင်မှု အခွင့်အလမ်းများ ပိုမိုရရှိနိုင်ခြင်းတို့ဖြင့် PLHA တို့၏ ဘဝအရည်အသွေးကို မြှင့်တင်ပေးရန် ဟူသော ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ အောင်ပန်းနှင့် ညောင်ရွှေမြို့နယ်များ၊ မန္တလေးတိုင်းဒေသကြီး ရှိ မြင်းခြံမြို့နယ်၊ မကွေးတိုင်းဒေသကြီးရှိ ပခုက္ကူမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်နှင့် မအူပင်မြို့ နယ်တို့တွင် အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။