ရင်ထဲရှိသမျှ 15.09.2016

ကမ္ဘာ့ရန်ပုံငွေကထောက်ပံ့နေသောMHAAတီဘီရောဂါစီမံချက်ကြောင့်ဦးပဲတို့မိသားစုသည်လည်းတီဘီရောဂါဝန်ထုပ်ဝန်ပိုးနှင့်ကင်းလွတ်သွားပြီဖြစ်သည်။သူတို့ခြံထဲတွင်ဖူးပွင့်နေသောပန်းဖြူဖြူများကဲ့သို့ကျန်းမာပျော်ရွှင်ချမ်းမြေ့နေသောသူတို့မိသားစုကို မြင်ရသဖြင့်ဦးကျော်တင့်သည်လည်းကျေနပ်ဝမ်းမြောက်နေသည်။ 

ဦးကျော်တင့်သည်မြစ်သားမြို့နယ်ရှိမြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(MHAA)၏တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်မှစီမံချက်ညှိနှိုင်းရေးမှူးဖြစ်သည်။

ဦးကျော်တင့်ကမြန်မာနိုင်ငံတီဘီရောဂါ တိုက်ဖျက်ရေး၌မိမိတစ်သက်လုံးစိတ်ရောကိုယ်ပါနှစ်မြှပ်ပါဝင်ဆောင်ရွက်ခဲ့သောအတွေ့အကြုံများမှမှတ်မိသည်များကိုပြန်ပြောပြသည်။

“ရန်ကုန်အင်းစိန်မှာရှိတဲ့အောင်ဆန်းတီဘီဆေးရုံနဲ့မန္တလေးတီဘီရောဂါကုဆေးရုံမှာပဲတစ်ပြည်လုံးကတီဘီရောဂါလူနာတွေလာကုခဲ့ရတာကိုမှတ်မိသေးတယ်။အဲဒီတုန်းကဆိုဝေးလံခေါင်ဖျားတဲ့ရွာတွေကတချို့လူနာတွေ ဆေးလာကုနေတုန်းမှာမိသားစုဝင်တွေဆွေမျိုးသားချင်းညီအကိုမောင်နှမတွေကလိုက်ပြီးမပြုစုနိုင်ကြဘူးလေ။ အဲဒီလူနာတွေကနောက်ဆုံးမှာ လမ်းပေါ်မှာတစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ အစားအသောက်အတွက် အဝတ်အထည်အတွက်မရှက်မကြောက်ကြတော့ဘဲပိုက်ဆံလိုက်တောင်းကြရတာကိုမြင်ဖူးတယ်။ တချို့ဆိုလည်းကွယ်လွန်သွားကြတယ်”ကံမကောင်းသောထိုလူနာများအတွက်ဦးကျော်တင့်ကစိတ်မကောင်းဖြစ်ရှာသည်။

ယင်းတို့မှာအတိတ်ကဖြစ်ရပ်များသာဖြစ်သည်။ယနေ့အချိန်တွင်မူဦးကျော်တင့်အဖို့စိတ်သက်သာရာရနိုင်ပြီဖြစ်သည်။မြစ်သားမြို့နယ်ရှိMHAA၏ရုံး၌သိုတန်ရွာတွင်ကျန်းမာရေးပညာပေးဟောပြောပွဲကိုကျင်းပရန်သူစီစဉ်နေသည်။

ယခုအခါကမ္ဘာ့ရန်ပုံငွေ၏အထောက်အပံ့ဖြင့်MHAAတီဘီရောဂါတိုက်ဖျက်ရေးစီမံချက်သည်အသက်ကိုကယ်တင်နိုင်သည့်တီဘီရောဂါကုသမှုများကိုယခင်ကမရရှိခဲ့သောချောင်ကျပြီးအလှမ်းဝေးကွာသည့် ကျေးရွာတို့မှ လူနာများထံသို့ ပို့ဆောင်ပေးနေပြီဖြစ်သည်။ဤရောဂါကိုစောစီးစွာကုသနိုင်ရေးအတွက်တီဘီရောဂါအကြောင်းကိုအသိအမြင်တိုးလာစေရန်၊ထိုရပ်ရွာများကိုလှုံ့ဆော်ရန်အားဖြည့်ပေးရန်ဤစီမံချက်ကဆောင်ရွက်သည်။

MHAA၏တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်သည်ရပ်ရွာလူထုကိုအခြေပြုလျက်စနစ်တကျဖွဲ့စည်းထားသည်။ တီဘီရောဂါလူနာများကိုခရီးစရိတ်ထောက်ပံ့ခြင်း၊အာဟာရထောက်ပံ့ခြင်း၊တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းများကိုထောက်ပံ့ပေးခြင်းနှင့်စောင့်ရှောက်မှုပေးခြင်းတို့ကိုဆောင်ရွက်နေသည်။ထိုမျှမကတီဘီရောဂါပညာပေးခြင်းကို ပါဆောင်ရွက်နေသောကြောင့်တီဘီရောဂါကာကွယ်ရေး၊ပြုစုကုသရေးနှင့်ပတ်သက်သော အဖိုးတန်ဗဟုသုတ များကိုလူထုက ရရှိနေသည်။DOTSကုထုံးကို (တိုက်ရိုက်ကြည့်ရှုအချိန်တိုနှင့်ကု)တိုးချဲ့အသုံးပြုလာသောကြောင့် မြစ်သားမြို့နယ်မှတီဘီရောဂါလူနာ၆၀(ဝေးလံခေါင်ဖျားသောကျေးရွာများမှလူနာများအပါအဝင်)ကိုMHAA စီမံချက်ကတနှစ်အတွင်းအောင်မြင်စွာကုသနိုင်ခဲ့သည်။

သိုတန်ရွာတွင် ဦးကျော်တင့်ကဦးပဲနှင့်တွေ့သဖြင့်နှုတ်ဆက်သည်။“နေကောင်းလား ဦးပဲ၊ ၀လာတယ်၊ အသားအရေလည်းစိုလာတယ်၊ထမင်းကောစားလို့ကောင်းရဲ့လား”ဟုမေးသည်။“ဆရာရယ်.. စားကောင်းတာတော့မပြောပါနဲ့၊တနေ့ကို သုံးထပ်လေးထပ်တောင်စားနိုင်တယ်” ဦးပဲ၏ ဇနီးဒေါ်ရီကဝမ်းမြောက်ဝမ်းသာဝင်ပြောသည်။သူတို့သမီးချောလေးစံပယ်မှာလည်လက်ထဲမှာပန်းများကိုကိုင်ထားလျက်ပြုံးနေသည်။

ဦးပဲသည်သိုတန်ရွာမှလက်သမားတစ်ဦးဖြစ်သည်။ရောဂါကြောင့်အလုပ်မလုပ်နိုင်တော့သဖြင့်သူတို့မိသားစုမှာ အတော်ကြပ်တည်းခဲ့ရသည်။မိသားစုဝင်ငွေအတွက်အထောက်အကူပြုရန်နှင့်ရောဂါဆိုရွားလာသောဖခင်ကိုပြုစုရန်စံပယ်လည်းကျောင်းထွက်ခဲ့ရသည်။ဆေးခန်းတစ်ခုမှတစ်ခုသို့၊ဟိုဆေးခန်းပြလိုက်ဒီဆေးခန်းပြလိုက်ဆေးသောက်လိုက်ဆေးထိုး လိုက်ချောင်းဆိုရက်သာကြာခဲ့သည်ရောဂါမပျောက်ခဲ့ပါ။ဆေးပေးခန်းတခုမှတခုသို့ပြောင်းရွှေ့ခဲ့သော်လည်းထိရောက်သောပြုစုကုသမှုကိုမရခဲ့ပါ။ရတဲ့လုပ်အားခလည်းဆေးဖိုးဖြစ်သွားပြီးဦးပဲမှာလည်းအလွန်ပိန်ချံုးလာသည်။

လွန်ခဲ့သောလေးလခန့်ကစီမံချက်အရာရှိ၏တောင်းဆိုမှုကြောင့်တီဘီရောဂါပညာပေးရန်ရပ်ရွာတီဘီရောဂါစေတနာ့ဝန်ထမ်းဒေါ်မြင့်မြင့်စန်းနှင့်အတူဦးကျော်တင့်သိုတန်ရွာသို့ရောက်ရှိခဲ့သည်။ဦးကျော်တင့်၏ဟောပြောပွဲကိုတက်ရောက်မိသောကြောင့်ဦးပဲ၏ကံမှာလည်းထိုနေ့မှာပင်ပြောင်းလဲခဲ့သည်။တီဘီရောဂါပညာပေးမှု၊စောစီးစွာကုသခံရန်ဆွေးနွေးမှုတို့ကြောင့်ဦးပဲသည်လည်းတီဘီရောဂါရှိမရှိသလိပ်စစ်ရန်လိုအပ်ကြောင်းသဘောပေါက်ခဲ့သည်။သလိပ်စစ်ဆေးချက်အရရောဂါပိုးရှိကြောင်းသိရှိရသဖြင့်ဦးပဲသည်တီဘီရောဂါကုသမှုကိုစတင်ခံယူခဲ့သည်။

ရောဂါကုသမှုခံယူ၍နှစ်လမြောက်သလိပ်စစ်ဆေးသောအခါရောဂါပိုးမတွေ့ရတော့ပေ။သူ့ကျန်းမာရေးမှာလည်းကောင်းလာပြီးဒေါ်ရီ၏ပန်းခင်းတွင်ရေလောင်းခြင်းကဲ့သို့သောသက်သာသည့်အလုပ်များကိုလုပ်ကိုင်လာနိုင်သည်။ထိုအခင်းမှပန်းများကိုရွာထိပ်ရှိအရီးသာလှပန်းဆိုင်လေးတွင်ရောင်းချရန်စံပယ်ကကျောင်းအသွားတွင်ယူသွားပေးသည်။

ကမ္ဘာ့ရန်ပုံငွေကထောက်ပံ့နေသောMHAAတီဘီရောဂါစီမံချက်ကြောင့်ဦးပဲတို့မိသားစုသည်လည်းတီဘီရောဂါဝန်ထုပ်ဝန်ပိုးနှင့်ကင်းလွတ်သွားပြီဖြစ်သည်။သူတို့ခြံထဲတွင်ဖူးပွင့်နေသောပန်းဖြူဖြူများကဲ့သို့ကျန်းမာပျော်ရွှင်ချမ်းမြေ့နေသောသူတို့မိသားစုကိုမြင်ရသဖြင့်ဦးကျော်တင့်သည်လည်းကျေနပ်ဝမ်းမြောက်နေသည်။ 

“မြန်မာနိုင်ငံနဲ့မြစ်သားမြို့နယ်လူထုကိုယ်စားဦးပဲတို့မိသားစုနဲ့အခြားအသက်ကယ်ခံခဲ့ရတဲ့သူတွေကိုယ်စားတကမ္ဘာလုံးကအလှူရှင်တွေ၊ ကမ္ဘာ့ရန်ပုံငွေ၊ UNOPS၊ MHAA တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်တို့ကိုရင်ထဲရှိသမျှလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်”။

ကမ္ဘာ့ရန်ပုံငွေအထောက်အပံ့ဖြင့်တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်ကို၂၀၁၁ခုနှစ်ကပင်စတင်ဆောင်ရွက်နေသည်။ မြစ်သားမြို့နယ်တွင်၂၀၁၅ခုနှစ်တွင်စတင်ခဲ့သည်။