တီဘီရောဂါတိုက်ရိုက်ကြည့်ရှုကုသမှုပေးသူတစ်ဦး၏ပီတိ 14.10.2015

“တီဘီ DOT Provider တစ်ဦးဖြစ်တော့ လူနာတစ်ဦးကို ဒီလိုပဲကျောမခိုင်းလိုက်နိုင်ဘူး၊ ကိုယ့်ရပ်ရွာကျန်းမာရေးအတွက် ကျွန်မအချိန်နဲ့ လုပ်အားကို ပေးအပ်ဖို့ ဆုံးဖြတ်ထားတယ်၊ လူနာတွေဆေးပတ်ပြည့်အောင်သောက်ဖို့၊ ရောဂါလုံးလုံးပျောက်တဲ့အထိသလိပ်အစစ်ခံဖို့ကျွန်မကို တာဝန်ပေးထားတယ်။”

ဒေါ်သန်းသန်းရီသည်မြန်မာနိုင်ငံဆရာဝန်အသင်း(MMA)ကသင်တန်းပေးထားသောတိုက်ရိုက်ကြည့်ရှုကုသမှုပေးသူတစ်ဦး(DOTProvider)ဖြစ်သည်။တီဘီရောဂါကုဆေးဝါးများကိုအယှုအဆလွဲမှားနေ သော တီဘီရောဂါသည်တစ်ဦး၏ အသက်ကိုကယ်တင်ရာတွင် ကြုံတွေ့ခဲ့ရသော အခက်အခဲများကို ကျော်လွှားရန်အတွက် ရရှိထားသော အသိပညာနှင့် ကျွမ်းကျင်မှုများကို မည်သို့ထိရောက်စွာအသုံးချနိုင်ခဲ့ကြောင်း သူ ကပြောပြသည်။

“ကျွန်မနာမည်ကသန်းသန်းရီပါ။ မိခင်နဲ့ ကလေး စောင့်ရှောက်ရေးအသင်းဝင်တစ်ယောက် ဖြစ်ပါတယ်။မြန်မာနိုင်ငံဆရာဝန်အသင်း တီဘီစီမံချက်မှာတိုက်ရိုက်ကြည့်ရှုကုသမှုပေးသူတစ်ဦး အနေနဲ့ အလုပ်လုပ်နေပါတယ်။ မြန်မာနိုင်ငံဆရာဝန်အသင်းကဖွင့်တဲ့ သင်တန်းကို မတက်ခင်ကဆိုရင် တီဘီရောဂါကာကွယ်ရေးကိုရော တီဘီရောဂါ ပညာပေးရေးကိုရော ဘာမှမသိခဲ့ပါဘူး။”

မြန်မာနိုင်ငံဆရာဝန်အသင်းကဖွင့်ခဲ့သော သင်တန်းတွင်ဒေါ်သန်းသန်းရီသည် တီဘီရောဂါမည်သို့ကူးစက်ပုံ၊ ယင်း၏လက္ခဏာများ၊ လူနာတစ်ဦးကိုသလိပ်စစ်ဆေးရန် မည်သို့ညွှန်းပို့ရသည်။ဆေးယဉ်ပါးမှုမဖြစ်စေရန် တီဘီရောဂါကုဆေးများကို ဆေးပတ်ပြည့်အောင်သောက်ရန် အရေးကြီးပုံ၊ တီဘီရောဂါကို တိုက်ရိုက်ကြည့်ရှုကုသမှု၊ တိုက်ရိုက်ကြည့်ရှုကုသမှုပေးသူ တစ်ဦး၏တာဝန်များ၊လူနာဆေးဝါးသောက်သုံးမှုမှတ်တမ်းကို စနစ်တကျရေးသားခြင်း၊လူနာများကိုဆေးဝါးများ၏ဘေးထွက်ဆိုးကျိုးကိုပညာပေးခြင်း၊ထိုဘေးထွက်ဆိုးကျိုးများကိုစောင့်ကြပ်ကြည့်ရှုခြင်း၊တီဘီ ဆင့်ပွားရောဂါဖြစ်ပွားသော လူနာများကိုညွှန်းပို့လွှဲပြောင်းခြင်းစသည်တို့ကို သိရှိတတ်မြောက်ခဲ့သည်။ ရရှိခဲ့သော အသိပညာနှင့် စွမ်းရည်များဖြင့် အိမ်နီးချင်းတစ်ဦးကို တီဘီရောဂါပျောက်ကင်းအောင်ကူညီနိုင်ခဲ့သည်။

“သင်တန်းဆင်းပြီးတော့အိမ်နီးချင်းဦးမြမောင်(အမည်မှန်မဟုတ်ပါ)ဟာအတော်မကျန်းမမာ ဖြစ်လာတယ်။သူချောင်းဆိုးရင်သလိပ်ထဲမှာသွေးတွေပါလာတယ်။သင်တန်းကရတဲ့အသိအမြင်အရသူချောင်းဆိုးတာတီဘီကြောင့်လို့မသင်္ကာဖြစ်လာတယ်။ ဒါနဲ့မြင့်မြတ်ကိုယ်ပိုင်ဆေးခန်းကဒေါက်တာမျိုးဇေယျဆီကိုချက်ချင်းပို့လိုက်တယ်။ဒေါက်တာက ဦးမြမောင်ကိုသလိပ်စစ်ခိုင်းတော့တီဘီရောဂါဖြစ်နေတာကို တွေ့ခဲ့တယ်။”

သို့သော်ဦးမြမောင်သည်လွန်ခဲ့သောငါးနှစ်ကတီဘီရောဂါဆေးများသောက်ခဲ့ပြီးဖြစ်သည်။ထို့ကြောင့် ဒေါက်တာမျိုးဇေယျကယင်းကိုCatIIတီဘီဆေးပေးခဲ့သည်။ဦးမြမောင်သည်ကုသမှုစတင်ပြီး၃လအကြာတွင်အခြားသို့ ပြောင်းရွှေ့သွားသည်။

တီဘီ DOT Provider သင်တန်းတက်ခဲ့ရသောဒေါ်သန်းသန်းရီသည်လူနာတစ်ဦး ဆေးပတ်ပြည့်အောင်သောက်ရန်မှာ သူ၏တာဝန် ဖြစ်သည်ဟု မှတ်ယူခဲ့သည်။ ထို့ကြောင့် ဦးမြမောင်၏ အိမ်အသစ်သို့ လိုက်သွားခဲ့သည်။

“တီဘီ DOT Provider တစ်ဦးဖြစ်တော့ လူနာတစ်ဦးကို ဒီလိုပဲကျောမခိုင်းလိုက်နိုင်ဘူး၊ ကိုယ့်ရပ်ရွာကျန်းမာရေးအတွက် ကျွန်မအချိန်နဲ့ လုပ်အားကို ပေးအပ်ဖို့ ဆုံးဖြတ်ထားတယ်၊ လူနာတွေဆေးပတ်ပြည့်အောင်သောက်ဖို့၊ ရောဂါလုံးလုံးပျောက်တဲ့အထိသလိပ်အစစ်ခံဖို့ကျွန်မကို တာဝန်ပေးထားတယ်”ဟု သူကပြောသည်။

ဦးမြမောင်၏အိမ်သစ်သို့ရောက်သောအခါနောက်အခြေအနေတစ်ခုနှင့်ရင်ဆိုင်ရသည်။သူနေကောင်းနေ ပြီ ဖြစ်သောကြောင့် ဆေးဆက်မသောက်လိုကြောင်း ဦးမြမောင်ကငြင်းသည်။ သို့သော် တီဘီရောဂါနှင့် စစ်ခင်းရာတွင် ဦးမြမောင်အနိုင်ရရမည်ဟု ဒေါ်သန်းရီကဆုံးဖြတ်ထားပြီးဖြစ်သောကြောင့် စိတ်ရှည်ရှည်ဖြင့် ဆက်လက်ရှင်းပြခဲ့သည်။

“ဆေးသောက်ပြီး ၃လကြာလို့ နေထိုင်ကောင်းလာတာနဲ့ရှင်တီဘီရောဂါလုံးလုံးပျောက်ပြီလို့ မဆိုနိုင်ဘူး၊ဆေးပြတ်သွားရင် အခုထိ သောက်ထားတဲ့ဆေးတွေဟာ ဆေးအစွမ်းဆက်ရှိတော့မှာ မဟုတ်ဘူး။ ဒါဆိုရင် ပိုပြီးကြာကြာ ဆက်ကုနေရလိမ့်မယ်။”

သို့သော်လည်းဦးမြမောင်သည်ဆေးဆက်သောက်ရန်ခေါင်းမာစွာဖြင့်ငြင်းဆန်နေခဲ့ပြီးနောက်ဆုံးတွင်အကြောင်းတခုကို ပြခဲ့သည်။

“တစ်နေကုန်ကုန်ထမ်းခဲ့ပြီးရင်ညနေကျရင်သိပ်ပင်ပန်းတော့အရက်ကလေးသောက်ပြီး အနားယူချင်တယ်၊ ဒါပေမယ့် တီဘီဆေးတွေကို အရက်နဲ့သောက်လို့ မရဘူး။”

ဤကဲ့သို့သော ပြဿနာမျိုးကို တီဘီDOT Provider များ နေ့စဉ်ကြုံတွေ့ဖြေရှင်းနေရသည်။ ရရှိထားသော နှစ်သိမ့်ဆွေးနွေးနိုင်စွမ်းကိုအသုံးပြုလျက် ဒေါ်သန်းသန်းရီသည် နည်းလမ်းတစ်ခုကို အလျင်အမြန် စဉ်းစားလိုက်ပြီးသူ့ကို အကြံပေးလိုက်သည်။ “ဒါဟာ ပြဿနာကြီးမဟုတ်ပါဘူး၊ တီဘီဆေးကို မနက်သောက်ပြီး အရက်ကို ညသောက်ပေါ။” ဤနည်းဖြင့် ဦးမြမောင်သည် တီဘီရောဂါ လုံး၀ပျောက်ကင်းနိုင်ခဲ့သည်။

ဦးမြမောင်သည် ၃လပြည့် သလိပ်စစ်ဆေးရာတွင် ပိုးမတွေ့ခဲ့ပါ။ (ထို့ပြင် ကိုယ်အလေးချိန်မှာ ၄၃ကီလိုဂရမ်ထိ တိုးတက် ခဲ့သည်။) ၅လပြည့် သလိပ်စစ်သောအခါတွင်လည်း ရလဒ်မှာ ထို့အတူဖြစ်ပြီး ကိုယ်အလေးချိန်လည်း၄၆ကီလိုဂရမ်အထိတိုးတက်ခဲ့သည်။၈လပြည့်သလိပ်စစ်သောအခါတွင်မူတီဘီရောဂါလုံး၀ပျောက်ကင်းပြီဖြစ်ကြောင်း အတည်ပြုခဲ့ပြီးကိုယ်အလေးချိန်မှာလည်း ၅ဝကီလိုဂရမ်ရှိနေပြီ ဖြစ်သည်။

ဒေါ်သန်းသန်းရီသည် ဦးမြမောင်၏ကုသမှုအောင်မြင်ခြင်းကြောင့်အထူးဝမ်းမြောက်ခဲ့ရသည်။

“ကျွန်မညွှန်းပို့လိုက်တဲ့လူနာတီဘီရောဂါလုံး၀ပျောက်သွားလို့တကယ်ပဲကျေနပ်မိတယ်။သူ့ဘဝအခြေအနေကောင်းသွားပြီးမိသားစုနဲ့လည်းပျော်ပျော်ရွှင်ရွှင်ပြန်နေနိုင်ပြီ။သူတို့ကိုတီဘီကူးသွားမှာလည်း မကြောက်ရတော့ဘူး၊ DOT Provider တစ်ယောက်အနေနဲ့ လုပ်ရကျိုးနပ်ပါတယ်။”

“DOTProviderတစ်ယောက်အနေနဲ့ရပ်ရွာအတွက်ကျွန်မတို့စေတနာ့ဝန်ထမ်းဆောင်ရွက်ခဲ့တယ်။ကျွန်မတို့အသက်ကယ်နိုင်တယ်ဆိုတာကိုသက်သေပြခဲ့ပြီလေ။အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းကခေါင်းဆောင်နေတဲ့တစ်မျိုသားလုံးတာဝန်ကိုထမ်းဆောင်လိုက်တာလည်းပဲဖြစ်တယ်။တီဘီရောဂါသည်တွေကိုမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ပြန်နေအောင်ကူညီပေးနိုင်လို့ရခဲ့တဲ့ဒီပီတိကိုငွေနဲ့ဝယ်လို့မရနိုင်ဘူး”ဟုသူကကျေနပ်စွာမှတ်ချက်ချခဲ့သည်။

မြန်မာနိုင်ငံဆရာဝန်အသင်း(MMA)သည်ကမ္ဘာ့ရန်ပုံငွေ၏အထောက်အပံ့ဖြင့် ‘Public-Private Mix TB Project’စီမံချက်ကိုမြန်မာနိုင်ငံကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့ရှိ မြို့နယ်၁၀၁မြို့နယ်တွင်၂၀၁၁ခုနှစ်ကတည်းကဆောင်ရွက်လျက်ရှိသည်။