ပုသိမ်မြို့ရှိပြည်ကြီးခင်Drop-in-centreမှရွယ်တူတန်းတူပညာပေးသူတစ်ဦးကယင်း၏မိတ်ဆွေတစ်ဦး၏လိင်မှုအမူအကျင့်ကိုပိုဘေးကင်းအောင် မည်သို့ပြောင်းလဲနိုင်ခဲ့ကြောင်းနှင့် MSM များကိုခွဲခြားဆက်ဆံမှုကို လျှော့ချရေးမည်သို့ရင်ဆိုင်ဆွေးနွေးခဲ့ကြောင်းကို ပြောပြသည်။
“ကျွန်တော့်နာမည်က ပူစူးပါ။ ကျွန်တော် ပြည်ကြီးခင်HIV/AIDSစီမံချက်မှာ ရွယ်တူတန်းတူပညာပေးသူအနေနဲ့ ၂၀၀၈ခုနှစ်ကတည်းကလုပ်ခဲ့တာပါ။ အလုပ်အတွေ့အကြုံနဲ့ စိတ်ဝင်စားမှုကြောင့်ရွယ်တူတန်းတူတွေကိုပိုဘေးကင်းတဲ့လိင်မှုကိစ္စနဲ့ပတ်သက်ပြီးဖျောင်းဖျစည်းရုံးနိုင်ခဲ့ပါတယ်။”
သူ့သူငယ်ချင်းမြင့်စိုး(အမည်မှန်မဟုတ်ပါ)မှာ လိင်မှတဆင့်ကှုးစက်တတ်သောရောဂါများ (STI)/HIVကာကွယ်ရေးနှင့် ပတ်သက်၍ စိတ်လည်းမဝင်စားသလို ဗဟုသုတလည်း မရှိပေ။ ယင်းနှင့်ရင်းနှီးမှုရအောင် အကြိမ်ကြိမ်ကြိုးစားပြီးမှ ပိုဘေးကင်းသော လိင်မှုအမူအကျင့်သို့ ပြောင်းလဲ အောင်ဆွဲဆောင်နိုင်ခဲ့ကြောင်း ပူစူးက ပြန်လည်ပြောပြသည်။
အကာအကွယ်မဲ့သောလိင်မှုကိစ္စ၏အန္တရာယ်များကို မြင့်စိုးနားလည်ရမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။ “မြင့်စိုးက ရှုပ်မှန်း ကျွန်တော်သိတယ်။ ဒီတော့ အန္တရာယ်ကြီးတာပေါ့။ ကွန်ဒုံးတို့ SITတို့ HIVတို့ အကြောင်း သူဘာမှမသိဘူးလေ။ AIDSနဲ့ သေသွားရင် တောင်မှ နောင်တမရဘူးလို့တောင် ပြောသေးတယ်။”
ပိုဘေးကင်းသော လိင် မှုကိစ္စနှင့် HIVကာကွယ်ရေးကိုယင်းကစိတ်ဝင်မစားလာမီယင်းကို ချဉ်းကပ်ရန်အတွက် မြင့်စိုး၏မိတ်ဆွေများကိုပူစူးသိရန် လိုအပ်သည်။ နောက်ဆုံးတွင် ယင်း၏ယုံကြည်မှုကိုပူးစူးရရှိခဲ့သည်။တစ်နေ့တွင်မြင့်စိုးရောက်လာပြီးသူ့ကြုံတွေ့နေရသောအခက်အခဲအတွက် အကူအညီလာတောင်းသည်။ အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီးနောက်ဆီးသွားသောအခါ မခံမရပ်အောင်နာကျင်သဖြင့် မျက်ရည်များပင်ကျရကြောင်း ပြောပြသည်။
အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကြောင့်ကူးစက်တတ်သောအနာရောဂါများအကြောင်းနှင့်ကာကွယ်နိုင်မည့် နည်းလမ်းများ၊ဘေးကင်းစွာလိင်မှုခံစားနိုင်သည့်နည်းလမ်းများကိုပူစူးက မြင့်စိုးသို့ ရှင်းပြသည်။ ကြုံကြိုက်လာသောအခွင့်အရေးကိုပူစူးကအရယူကာ မိမိ၏သဘောဆန္ဒအရနှစ်သိမ့်ဆွေးနွေးမှုကိုခံယူကာ HIVပိုးကိုစစ်ဆေးနိုင်ကြောင်း ရှင်းပြသည်။ ပထမတွင် HIVရောဂါကူးစက်နိုင်သည့် အန္တရာယ်ရှိနေကြောင်း သိရသော ကြောင့် မြင့်စိုးမှာ ကြောက်ရွံ့သွားသော်လည်း ပူးစူးသည် ပြည်ကြီးခင် Drop-In-Centre သို့ သူ့ကို ခေါ်လာခဲ့ပြီး မြို့နယ် STDအဖွဲ့သို့ သွေးစစ်ရန်စေလွှတ်ခဲ့ရာတွင် သူ့တွင် STIများရှိနေပြီဖြစ်သော်လည်း HIVမှာ မရှိကြောင်း တွေ့ရှိရ သည်။
STI များကိုကုသပြီးနောက် ပိုဘေးကင်းသောလိင်မှုဆိုင်ရာအသိအမြင်များကျွမ်းကျင်မှုများကို ရရှိလာပြီဖြစ်သောမြင့်စိုးကပြောပြသည်။
“အခုဆိုရင်လိင်ကိစ္စကိုလည်းလျှော့လိုက်ပြီ။ကွန်ဒုံးကိုလည်းအမြဲသုံးတယ်”။ထို့ပြင်သူ့သူငယ်ချင်းများကိုလည်းပိုဘေးကင်းသောလိင်မှုကိစ္စအကြောင်းနှင့် လိင်မှုခံစားတိုင်းကွန်ဒုံးကို အသုံးပြုရန် လှုံ့ဆော်ပေးသည်။ သူ့သူငယ်ချင်းများကိုလည်း ပြည်ကြီးခင်အဖွဲ့ထံသို့ ရွယ်တူတန်းတူပညာပေးသူ ကွန်ရက် မှတဆင့် စေလွှတ်ပေးသည်။
မြင့်စိုးသည် MSMများကို ခွဲခြားခြင်း၊ စော်ကားခြင်း၊ ရိုက်နှက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ သို့သော် HIVကာကွယ်ရေးနှင့်ပတ်သက်၍ရရှိလာသောအသိအမြင်ကြောင့်ပိုဘေးကင်းသောလိင်မှုအမူအကျင့်များကို ပြောင်းလဲလိုက်ရုံသာမကMSMများကိုလည်း ခွဲခြားခြင်းမရှိတော့ပါ။ပူစူးသည် ရွယ်တူတန်းတူချင်းပညာပေးရာတွင် အောင်မြင်ခဲ့ပြီး အမူအကျင့်ပြောင်းလဲအောင် လုပ်နိုင်ခဲ့ခြင်းအတွက် အလွန်ဂုဏ်ယူလျက်ရှိသည်။
“အခုဆို မြင့်စိုးကကျွန်တော်တို့ကို သူငယ်ချင်းအဖြစ် လက်ခံလိုက်ပြီ"ဟုပြောသည်။
ပူစူးဂုဏ်ယူထိုက်ပေသည်၊ အကြောင်းမှာ ပိုဘေးကင်းသော လိင်မှုအမူအကျင့်ကိုလက်ခံသော လူမှုရေးအပြောင်းအလဲသို့ လည်းကောင်း၊ MSMများကို ပိုလက်ခံသော ဝိုင်းမပယ်သောလူမှု အဖွဲ့အစည်းသို့ လည်းကောင်း ခြေတစ်လှမ်းတိုးလိုက်နိုင်ခြင်းကြောင့်ပင် ဖြစ်သည်။
ကမ္ဘာ့ရန်ပုံငွေ၏ အထောက်အပံ့ဖြင့် ပြည်ကြီးခင်သည် HIV/AIDSစီမံချက်ကို ၂၀၁၁ခုနှစ်မှစတင်ကာဆောင်ရွက်ခဲ့သည်။