ကွတ်ခိုင်မြို့နယ်မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှကိုမျိုးသန့်ကမြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်အသင်းကွတ်ခိုင်ရိပ်မွန်မှ ဝန်ထမ်းများ၏အကူအညီဖြင့်သူ၏ဘဝကိုအလှည့်အပြောင်းလုပ်နိုင်ပုံကိုပြောပြချင်ပါသည်။
ကျွန်တော့်နာမည်မျိုးသန့်ပါ။ကျွန်တော်ကယခင်ကကချင်ပြည်နယ်ကမိုင်းလုပ်ငန်းမြို့ဖြစ်တဲ့ဖားကန့်မြို့နယ်ဆိုင်းတောင်တောမှော်ဒေသကကျောက်မျက်မိုင်းတွင်းတစ်ခုမှာမြေသယ်စက်မောင်းလုပ်ခဲ့ပါတယ်။ဒီနေရာကဘိန်းဖြူသုံးစွဲမှုများတဲ့နေရာဖြစ်ပြီးဘိန်းမဲတွေလည်းဈေးပေါပေါနဲ့ရပါတယ်။နေ့တိုင်းဆိုသလို မြေသယ်စက်ကိုမောင်းရတာအရမ်းပင်ပန်းပါတယ်။
ဒါနဲ့နေ့စဉ်အလုပ်ပင်ပန်းတဲ့ဒဏ်တွေကို ကျော်လွှားနိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့စိတ်သက်သာရာရရှိဖို့အတွက်အပေါင်းအသင်းတွေဆွယ်တာကိုမလွန်ဆန်နိုင်ပဲဘိန်းခန်းတွေမှာအချိန်ကုန်ခဲ့ရတော့တာပါပဲ။ကိုးနှစ်ကျော်ကျော်လောက်နေ့တိုင်းဘိန်းဖြူသုံးစွဲခဲ့ပါတယ်။ဘိန်းဖြူဖြတ်ရင်းခံစားရမယ့်ဝေဒနာတွေကိုက်ခဲမှုတွေကလွတ်မြောက်ရာနည်းလမ်းလည်းရှာမတွေ့တာမို့နောက်ဆုံးဆင်းရဲမွဲပြာကျတဲ့အထိဘိန်းရဲ့ကျေးကျွန် ဖြစ်ခဲ့ရတော့တာ ပါပဲ။ ဖားကန့်က မှောင်မဲနေတဲ့ အကူအညီကင်းမဲ့တဲ့ ကျောက်တွင်းထဲမှာရှင်လျက်နဲ့အိပ်မက်ဆိုးမက်နေသလိုဖြစ်နေခဲ့ပါတယ်။ကျွန်တော်ရဲ့ပိုမိုဆိုးလာတဲ့ဘိန်းဖြူတပ်မက်မှုနောက်ကိုလိုက်ပြီးစိတ်မချမ်းသာစွာနဲ့ဖြည့်ဆည်းနေခဲ့ရင်းကကျွန်တော်နိုးထဖို့ကြိုးစားခဲ့ပြီးကွတ်ခိုင်မှာအခြေချနိုင်ဖို့အဲဒီနေရာကထွက်ပြေးခဲ့ပါတယ်။ဒီမှာပဲမြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းရုံးခွဲတစ်ခုဖွင့်မယ်ဆိုတဲ့သတင်းရတော့ကျွန်တော့်အတွက်အရုဏ်သစ်မှာနိုးထဖို့မျှော်လင့်ချက် ရောင်ခြည်သန်းခဲ့ပါတယ်။ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနဲ့အဆက်အသွယ်ရပြီးမှတ်ပုံတင်ပြီးနောက်မှာတော့ဘိန်းဖြူကိုကျွန်တော့်ဘဝထဲကအပြီးအပိုင်ကန်ထုတ်နိုင်မယ်လို့မျှော်လင့်ရဲလာပါတယ်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းကစိတ်ကောင်းစေတနာပြည့်ဝတဲ့ဂရုစိုက်ပြီးနားလည်မှုပေးတဲ့ဝန်ထမ်းတွေကဘိန်းဖြူဖြတ်လို့ခံစားရတဲ့ဝေဒနာကိုသက်သာရရစေမယ့်ဆေးဝါးတွေပံ့ပိုးပေးခြင်း၊ဆေးထိုးအပ်မျှဝေသုံးစွဲမှုကြောင့် ဖြစ်လာမယ့်ကူးစက်ရောဂါတွေနဲ့အိတ်(ချ်)အိုင်ဗွီ ကာကွယ်ရေး ဘေးဥပါဒ်လျှော့ချခြင်းဆိုင်ရာ ပညာပေး၊ ဆွေးနွေးအကြံပေး အစီအစဉ်များပံ့ပိုးပေးခြင်းစတဲ့နည်းလမ်းတွေနဲ့အဘက်ဘက်ကကူညီပံ့ပိုးခဲ့ပါတယ်။အာဟာရတွေလည်း ထောက်ပံခဲ့ပါတယ်။ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ကွတ်ခိုင် ရိပ်မွန်က ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ မိသားစုဝင်တွေရဲ့ယုံကြည်မှုကို ပြန်လည်ရရှိပြီးအသုံးဝင်တဲ့မိသားစုဝင်တွေအဖြစ်နဲ့ဘဝကိုအသစ်ပြန်စတင်နိုင်ခဲ့ပါတယ်။ လူ့အဖွဲ့အစည်းရဲ့လက်ခံမှုကို တဖြည်းဖြည်းရရှိလာပြီးတာဝန်သိတဲ့လူ့အဖွဲ့အစည်းဝင်တွေ အဖြစ်နဲ့လူ့အဖွဲ့အစည်းနဲ့ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါတယ်။
ကျွန်တော်ကအလင်းသစ်ဆိုတဲ့အဖွဲ့ဝင်(၁၀)ဦးပါတဲ့ကိုယ်ထူကိုယ်ထ အဖွဲ့မှာပါဝင်ဆောင်ရွက်ခဲ့ပြီးဥက္ကဌတာဝန်ယူခဲ့ပါတယ်။ လူ့အဖွဲ့အစည်းက ကျွန်တော်တို့ စဉ်ဆက်မပြတ် ရရှိတဲ့ လူမှုရေးဆိုင်ရာ အကူအညီတွေရဲ့ ပံ့ပိုးမှုနဲ့ မိတ္တူကူးဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။အဲဒီဆိုင်ကလေးကကောင်းကောင်းမွန်မွန်ရပ်တည်နေနိုင်ပါပြီ။ဒါ့အပြင်ကျွန်တော်တို့ကိုမက်သာဒုန်းဆေးအစားထိုးတိုက်ကျွေးမှု (MMT)စတင်ဖို့ မှတ်ပုံတင်ပြီးပါပြီ။ကျွန်တော့်တို့ မူးယစ်ဆေးသုံးစွဲသူတွေရဲ့ဘဝကအကြီးအကျယ် တိုးတက်ခဲ့ပါတယ်။ အခုဆိုရင်ပိုမိုတောက်ပတဲ့အနာဂတ်ဆီကိုသွားနေပါပြီ။ဒါတွေအားလုံးကမြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းကွတ်ခိုင်ရိပ်မွန်ကဝန်ထမ်းတွေရဲ့စိတ်ကောင်းစေတနာပြည့်ဝတဲ့စောင့်ရှောက်မှုနဲ့အကူအညီပေးမှုတွေကြောင့်ပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းသည်၂၀၁၁ ခုနှစ်မှစတင်၍ကမ္ဘာ့ရန်ပုံငွေအဖွဲ့၏ပံ့ပိုးမှုနှင့်မူးယစ်ဆေးဝါးသုံးစွဲသူများအကြားဘေးဥပါဒ်လျှော့ချရေးနှင့်အိတ်(ချ်)အိုင်ဗွီကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။