"ကျွန်တော့်နာမည် အိုက်ပီးပါ။ ကျွန်တော် အသက် (၂၈)နှစ်ရှိပါပြီ ။ ကျွန်တော်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ ကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။ ကျွန်တော်တို့မြို့မှာ မူးယစ်ဆေးတွေဟာ အလွယ်တကူ ရနေပြီး ကျွန်တော်ရဲ့ အသိုင်းအဝိုင်းမှာရှိတဲ့ သူငယ်ချင်းအားလုံးနီးပါးဟာလည်း မူးယစ်ဆေး တစ်မျိုး မဟုတ် တစ်မျိုးစွဲနေကြသူတွေပါပဲ။ သက်တူ ရွယ်တူတွေရဲ့ ဆွဲဆောင်တဲ့ ဖိအားကို မခံနိုင်တော့ အသက် (၂၀)အရွယ်မှာပဲ ကျွန်တော်မူးယစ်ဆေးကို စတင်သုံးစွဲလာခဲ့ပါတယ်။ အစပိုင်းမှာတော့ အပျော်သဘောနဲ့ သူငယ်ချင်းတွေနဲ့အတူ ဘိန်းဖြူရှုခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်တော်သတိမထားလိုက်မိတဲ့ အချိန်မှာပဲ ကျွန်တော်ဟာ ဘိန်းဖြူစွဲသူတစ်ယောက် ဖြစ်ခဲ့ရပါတော့တယ်။"
"အကျိုးဆက် အနေနဲ့ကတော့ ကျွန်တော်က ကျောင်းသင်ခန်းစာတွေပေးမှာ အာရုံမစူးစိုက်နိုင်တော့ပဲ နောက်ဆုံးမှာ ကျောင်းထွက်လိုက်ရပြီး အလွန်ပင်ပန်းကြမ်းတမ်းတဲ့ ဆိုင်ကယ်ကယ်ရီသမား တစ်ယောက် အဖြစ်နဲ့ ဝင်ငွေရှာရပါတော့တယ်။ အပင်ပန်းခံ၊ အမောအပန်းခံနိုင်အောင် နောက်ပိုင်းမှာ ယာဘ (Yarba) ကိုပါ သုံးဖြစ်လာပါတော့တယ်။ ယာဘ ဆိုတာ အန်ဖက်တမင် (Amphetamine) ဆေးပြားဖြစ်ပါတယ်။ မနက်ပိုင်းမှာ ယာဘကိုသုံးပြီး တစ်နေ့တာ ကုန်ဆုံးချိန်မှာတော့ ဘိန်းဖြူကိုသုံးပါတယ်။"
"ဘိန်းဖြူသုံးတာ ကြာလာတာနဲ့အမျှ ပိုတောင့်တလာတာကြောင့် ကျွန်တော်ဆန္ဒကို ကျေနပ်အောင်ဖြည့် ဆည်းနိုင်ဖို့ အလုပ်ကိုကြိုးစားလုပ်ရပါတယ်။ တစ်ခါတစ်ရံ လုံလောက်တဲ့ဝင်ငွေရပေမဲ့ တစ်ခါတစ်ရံတော့ လည်းအဆင်မပြေပါဘူး။ နောက်ဆုံးမှာတော့ ဘိန်ုးဖြူထိုးရတဲ့ အခြေအနေကို ရောက်လာပြီး မကြာခင်မှာပဲ ဘိန်းဖြူထိုးတဲ့အကျင့်စွဲသွားပါတော့တယ်။"
"ဘိန်းဖြူဝယ်ဖို့အတွက်ပဲ အလုပ်လုပ်ပြီး ငွေရှာရသလို ဖြစ်လာပါတယ်။် တစ်နေ့ဝင်ငွေ ၅၀ဝ၀-၆၀ဝ၀ ကျပ်ဟာ ကျွန်တော့် လိုအပ်ချက်ကို ဖြည့်ဖို့မလောက်တော့ပါဘူး။ ကျွန်တော့်မိသားစုဘဝနဲ့ လူမှုရေးဘဝ ဟာ စိတ်ပျက်စရာကောင်းလာပါတယ်။ မိသားစုနဲ့သူငယ်ချင်းတွေကိုလည်း ဂရုမစိုက်နိုင်တော့ဘဲ နေ့တိုင်း ဘိန်းဖြူကိုပဲ အာရုံရောက်နေခဲ့ပါတယ်။"
တစ်နေ့မှာတော့ စိတ်ပျက်စရာ ကောင်းလှတဲ့ဘဝက ရုန်းထွက်နိုင်ဖို့ အလင်းရောင်ကလေးကို မြင်လိုက်ရ ပါတယ်။ ကျွန်တော့် သူငယ်ချင်းတွေ အကူအညီနဲ့ မူဆယ်မှာရှိတဲ့ MANA ရိပ်မွန်ကို ရောက်သွားခဲ့ပါတယ်။ MANA ဟာ ၂၀၁၁ ခုနှစ်ကစပြီး ကမ္ဘာ့ရန်ပုံငွေ အထောက်အပံ့နဲ့ မူးယစ်ဆေး သုံးစွဲသူတွေအတွက် ဘေး အန္တရာယ် လျှော့ချရေးနဲ့ HIV ကာကွယ်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်။
"MANA က နှစ်သိမ့်ဆွေးနွေးသူတွေနဲ့ ဝန်ထမ်းတွေဟာ နားလည်မှုရှိရှိနဲ့ နွေးနွေးထွေးထွေး ကြိုဆိုကြ ပါတယ်။ ရောက်တဲ့နေ့မှာပဲ ကျန်းမာရေးပညာပေးပြီး စိတ်ရှည်လက်ရှိ ရှင်းပြလို့ အများကြီးသိခဲ့ရပါတယ်။ မူးယစ်ဆေးသုံးစွဲခြင်းရဲ့ အန္တရာယ်တွေ HIV နဲ့ STIs ကူးစက်နိုင်တဲ့ အန္တရာယ် မူးယစ်ဆေးအစားထိုး မက်သာဒုန်း (Methadone) အကြောင်းတွေ သိလိုက်ရပြီး အဲဒီမှာ တစ်နေကုန်နီးပါး နေခဲ့ပါတယ်"
"အခွင့်အရေးရတိုင်း MANA ရိပ်မွန်ကို သွားခဲ့ပါတယ်။ ဘဝတူတွေနဲ့ ခင်ခင်မင်မင်၊ ရင်းရင်း နှီးနှီး ဆက်ဆံရ ပြီး ဝန်ထမ်းတွေကလည်း် ဂရုတစိုက်ရှိပါတယ်။ စားစရာတွေကြွေး၊ ပိုးသတ်ထားတဲ့ တစ်ခါသုံး ဆေးထိုးအပ်နဲ့ ဆေးထိုးပြွန်တွေပေးပြီး လာချင်တဲ့အခါ လာနိုင်အောင် လမ်းစရိတ်ပါပေးပါတယ်။"
"MANA ရိပ်မွန်ကို သွားတိုင်း ဘေးအန္တရာယ်လျှော့ချရေး ကျန်းမာရေး ပညာပေးဟောပြောပွဲတွေကနေ ဗဟုသုတအများကြီးရပါတယ်။ HIV ကူးစက်တာ ကာကွယ်တာတွေကို အပြန်အလှန် ဆွေးနွေးကြပြီး ကွန်ဒုံးနဲ့ တစ်ခါသုံးဆေးထိုးအပ် အသုံးပြုနည်း သရုပ်ပြတာတွေကြောင့် HIV ကာလသားရောဂါနဲ့ အခြား ကူးစက်ရောဂါတွေကနေ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့ အသိပညာသိသိသာသာ တိုးတက်လာခဲ့ပါတယ်။"
"ကျွန်တော်ဟာ ဘိန်းဖြူဆက်သုံးနေဆဲဖြစ်ပေမဲ့ ဆက်ပြီးသုံးနေရင် အန္တရာယ်ရှိတယ်ဆိုတာ သိလာပါတယ်။ MANA ရိပ်မွန်ကိုသွားတဲ့အခါတိုင်း မူးယစ်ဆေးသံသရာက ရုန်းထွက်ချင်တဲ့ ဆန္ဒပိုပြီးရှိလာခဲ့ပါတယ်။ ကျွန်တော်အမေ့ကို ဖွင့်ပြောပြီး MANA ကဝန်ထမ်းတွေရဲ့ အကူအညီနဲ့ မူဆယ်ဆေးရုံမှာ မက်သာဒုန်း ဆေးအစားထိုး တိုက်ကျွေးမှုခံယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဆေးရုံက စိတ်ရောဂါကုဆရာဝန်မကြီးကလည်း သဘောကောင်းပြီး ကူညီပေးပါတယ်။ မက်သာဒုန်းကိုအောင်အောင်မြင်မြင် စသောက်နိုင်ခဲ့တာ သူတို့ရဲ့ အကူအညိကြောင့်ပါပဲ။"
"အဲဒီနောက်ပိုင်းမှာ ကျွန်တော်ရဲ့ဘဝအရည်အသွေးဟာ သိသိသာသာ တိုးတက်လာပါတယ်။ သူငယ်ချင်းတွေ မိသားစုတွေနဲ့ ဆက်ဆံရေးဟာလည်း ပိုပြီးအဆင်ပြေလာခဲ့ပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာပါတယ်။"
"ကျွန်တော်ဟာ ဘဝသစ်မှာပျော်ရွှင်နေပြီဖြစ်ပါတယ်။ဆေးထိုးအပ်မျှဝေသုံးလို့ ဖြစ်လာနိုင်တဲ့ သွေးကတစ်ဆင့် ကူးစက်ရောဂါတွေ အသဲရောင် ကာလသား HIV ရောဂါကူးစက်ခံရနိုင်တဲ့ အန္တရာယ်နဲ့ ဘိန်ုးဖြူရဲ့ လွှမ်းမိုးမှုကြောင့် ပြစ်မှုကျူးလွန်နိုင်တဲ့ အန္တရာယ်တွေကနေ လွတ်ကင်းခဲ့ပါပြီ။ မက်သာဒုန်း မှန်မှန်သောက်နိုင်အောင် ကူညီပေးတဲ့ မူဆယ် MANA ရိပ်မွန်က ဝန်ထမ်းတွေရဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့နိုင်မယ် မဟုတ်ပါဘူး။"
"ဘဝသစ်ကို ပို့ဆောင်ပေးတဲ့ မက်သာဒုန်းကို ကျွန်တော်အသေအချာဆက်သောက်သွားမှာပါ။"
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) သည်မူးယစ်ဆေးဝါးသုံးစွဲသူများကြားတွင် HIV ကူးစက်ပျံ့နှံ့မှုနှုန်း မြင့်မားသော ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်နှင့် မူဆယ်တို့တွင် ၂၀၁၁ ခုနှစ်မှစ၍ကမ္ဘာ့ရန်ပုံငွေ၏ထောက်ပံ့ကူညီမှုဖြင့်မူးယစ်ဆေးဝါးသုံးစွဲသူများအားHIVကူးစက်မှုကာကွယ်ခြင်းနှင့် ဘေးအန္တရာယ် လျှော့ချခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။